Thursday, November 8, 2012

စပင်ဆာ ဝထ်စ် (သို့မဟုတ်) မဖြစ်နိုင်ခြင်းကို ပြောင်းပြန်လှန်ပစ်သူ


 
တကယ်လို့များ သင်ဟာ မိမိဘဝကို လုပ်တိုင်းမဖြစ်၊ ဖြစ်ချင်တိုင်းလည်း ဖြစ်မလာ၊ ဘဝဆိုတာ ဒုက္ခတွေနဲ့ ပြည့်နေတယ်။ သင့်ဘဝဟာ ခက်ခဲကြမ်းတမ်းလွန်းတယ် စသဖြင့် အဲဒီလိုများ ထင်နေခဲ့ပြီး လောကကြီးဟာ စိတ်ပျက်ငြီးငွေ့နေစရာ ဖြစ်နေတယ်လို့ ထင်နေတယ်ဆိုရင် သင်ထင်သလောက် သင့်လောကကြီးဟာ မခက်ခဲ၊ မကြမ်းတမ်းလှသေးပါဘူးဆိုတဲ့ အကြောင်းနဲ့၊ မဖြစ်နိုင်ဘူးလို့ လူတ
ိုင်းက ပြောနေကြတဲ့ ကြီးမားလှတဲ့ အခက်အခဲတွေကို မယုံကြည်နိုင်လောက်ဖွယ်ရာ အောင်မြင်စွာ ဖြတ်ကျော်ပြခဲ့တဲ့ လူတစ်ယောက် အကြောင်း ပြောပြချင်ပါတယ်။

သူကတော့ ကနေဒါနိုင်ငံ တိုရွန်တိုမြို့သား Spencer West ဖြစ်ပါတယ်။ သူဟာ အာဖရိကမှာ အမြင့်ဆုံးတောင်ဖြစ်တဲ့ ပေပေါင်း တစ်သောင်းကိုးထောင် ( ၁၉၀၀၀) ( မြန်မာပြည်ရဲ့ ခါကာဘိုရာဇီတောင် နီးပါး ) မြင့်မားတဲ့ Mt. Kilimanjaro ကို တက်ရောက်ခဲ့ရာ တစ်ပတ်အကြာမှာ တောင်ထိပ်ကို အောင်မြင်စွာ တက်ရောက်နိုင်ခဲ့ပါတယ်။ တောင်ထိပ်ကို တက်တာ ဘာများ ထူးဆန်းသလဲလို့ မေးစရာရှိပါတယ်။ သာမာန်လူအတွက်ဆိုရင်တော့ ပေပေါင်း တစ်သောင်းကိုးထောင်ကို အောင်အောင်မြင်မြင် တက်ရောက်တာ ဘာမှ ပြောစရာမရှိပေမဲ့ Spencer West အတွက်တော့ အလွန်ကြီးမားတဲ့ အောင်မြင်မြှုဖစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ သူဟာ ခြေထောက်နှစ်ဖက် မရှိဘဲ လက်နှစ်ဖက်ကိုသာ အားပြုပြီး တောင်ထိပ်အထိ ရောက်အောင် တက်ရောက်နိုင်ခဲ့သူ ဖြစ်လို့ပါဘဲ။
Spencer West ဟာ အသက် ၅နှစ်အရွယ်မှာ ရောဂါတစ်မျိုးကြောင့် ခြေထောက် နှစ်ဖက်စလုံးကို ပေါင်အရင်းကနေ ဖြတ်ပစ်လိုက်ရပြီး တစ်ယောက်ယောက်ရဲ့ အကူအညီမပါဘဲနဲ့ အထိုင်အထ လုပ်ဖို့၊ လမ်းလျှောက်ဖို့ ဆိုတာ သူ့ဘဝမှာ ဘယ်တော့မှ မဖြစ်နိုင်တော့ဘူးလို့ ဆရာဝန်တွေက ပြောခဲ့ပါတယ်။ သို့သော်လည်း ခိုင်မာတဲ့ စိတ်ပိုင်းဖြတ်မှု၊ ပြင်းပြတဲ့ ဆန္ဒတို့၏ လှုံ့ဆော်မှုတို့နဲ့ Spencer West က အဲဒီ အဲဒီ ဆရာဝန်တွေရဲ့ စကား မှားယွင်းကြောင်းသက်သေပြခဲ့ပါတယ်။ အဲဒါကတော့ အာဖရိကတိုက်မှာ ရှိတဲ့ အမြင့်ဆုံးတောင် Mt. Kilimanjaro တောင်ထိပ်ကို (၇) ရက်အတွင်း တက်ပြခဲ့ခြင်းပဲ ဖြစ်ပါတယ်။
တောင်တက်ခရီးကြမ်း တစ်ခုလုံးရဲ့ ၈၀ ရာနှုန်းကို သူ့ရဲ့ လက်နှစ်ဖက်ကိုသာ အသုံးပြုပြီး တက်ရောက်ခဲ့ခြင်း ဖြစ်ပြီး သူနှင့်အတူ သူ့ရဲ့ သူငယ်ချင်းကောင်း (၂) ယောက်ကလည်း လိုအပ်တဲ့ အကူအညီတွေကို နောက်က တောက်လျောက် ပံ့ပိုးပေးခဲ့ကြပါတယ်။ ဒီတောင်တက်ခရီးစဉ် တစ်ခုလုံးကို အခုလို လက်နှစ်ဖက်တည်းနဲ့ အောင်မြင်စွာ တက်ရောက်နိုင်ဖို့ အတွက် Spencer West အနေနဲ့ တစ်နှစ်ပတ်လုံး ပြင်းထန်တဲ့ လေ့ကျင့်မှုတွေ ပြုလုပ်ခဲ့ရပါတယ်။ နောက်ထပ် ဂုဏ်ယူဖွယ်ရာ တစ်ခုကတော့ သူ့ရဲ့ ဒီလို အလွန်အံ့အားသင့်ဖွယ်ရာ အောင်မြင်မှုကြောင့် ရရှိတဲ့ ဆုငွေ ဒေါ်လာ ၅၀၀၀၀၀ ခန့်ကို ကလေးငယ်ပေါင်း ၃၀၀.၀၀၀ အတွက် ပညာရေးဆိုင်ရာ ရန်ပုံငွေအဖြစ် အားလုံး လှူဒါန်းခဲ့ခြင်းပဲ ဖြစ်ပါတယ်။



စာရှုသူမိတ်ဆွေများလည်း ဘဝမှာ ကြုံရတဲ့ အခက်အခဲတွေ၊ စိတ်ပျက်မှုတွေ၊ ကျရှုံးမှုတွေကို Spencer West လိုပဲ အင်အားတွေ၊ သင်ခန်းစာတွေ၊ တွန်းအားတွေ အဖြစ်ပြောင်းလဲပစ်ပြီး တစ်ယောက်ချင်းစီမှာ ရှိနေကြတဲ့ ကိုယ်ပိုင် အိပ်မက်တွေကို လက်တွေ့ အကောင်အထည်ဖော်နိုင်ကြတဲ့ ဘဝရဲ့ အောင်မြင်မှုပန်းတိုင်ကို အသီးသီး လက်လှမ်းနိုင်ကြသူတွေ ဖြစ်ကြပါစေလို့ ဆုတောင်းပေးလိုက်ရပါတယ်နော်...




ကိုးကား
၁။ http://www.people.com/people/article/0,,20606149,00.html
၂။ http://www.funzug.com/index.php/inspirational/story-of-an-inspirati...

No comments: