Friday, February 17, 2012

ကမ္ဘာလှည့်ခရီးသွားအချို့ ဘုရားရင်ပြင်နှင့် ဘုန်းကြီးကျောင်းဝင်းအတွင်းယဉ်ကျေးရန်လို


7Day news Journal
ရန်ကုန်၊ ဖေဖော်ဝါရီ-၎
ကမ္ဘာ့လှည့်ခရီးသွားအချို့သည်သာ့သနိကအဆောက်အအုံများဖြစ်သော ဘုန်းကြီးကျောင်းနှင့် စေတီပုထိုး၊ ဘုရားရင်ပြင်များပေါ်တွင် ဖိနပ်စီးခြင်းနှင့် ခြေစွပ်များဝတ်ဆင် သွားလာသည်ကို တွေ့ရှိရကြောင်း သတင်းရရှိသည်။
အင်းလေးကန်အတွင်းရှိ ဖောင်တော်ဦးဘုရားရင်ပြင်ပေါ်တွင် ဖိနပ်များစီးကာ ဖြတ်သန်းခြင်းနှင့် ခြေအိတ်များ


ဝတ်ဆင်ဖြတ်သန်းခြင်းတို့ တွေ့ရှိရ၍ မြန်မာနိုင်ငံဧည့်လမ်း ညွှန်အသင်းက သက်ဆိုင်ရာသို့ တင်ပြထားကြောင်း သတင်းထုတ်ပြန်ထားသည်။ “ဖြစ်နေတာကြာပြီ၊ ပြတ်ပြတ်သားသားမရှိတာ၊ တချို့က မတားမြစ်တာ”ဟု မြန်မာနိုင်ငံ ဧည့်လမ်းညွှန်အသင်းအတွင်းရေးမှူးကပြောသည်။ မန္တလေးရွှေကျောင်းတွင်လည်း အုတ်လှေကားအထိ ဖိနပ်များစီး၍တက်ခဲ့ကြပြီး ခြေအိတ်များမချွတ်ဘဲ ရွှေကျောင်း အတွင်းသို့ ပြင်သစ်ဧည့်လမ်းညွှန်အပါအ၀င်ဧည့်သည် ၂၅ ယောက် တက်ရောက်ခဲ့ကြောင်းလည်း သတင်းရရှိသည်။
ထိုကဲ့သို့ ခြေအိတ်ချွတ်သူကချွတ်၊ မချွတ်သူကမချွတ်သောကြောင့် ဧည့်လမ်းညွှန်နှင့် ဧည့်သည်များကြား အဆင်မပြေမှုများ ရှိကြောင်းလည်း ဂျာမန်ဧည့်လမ်းညွှန် တစ်ဦးကပြောသည်။ “ကိုယ့်ဧည့်သည်ကို ဘုရားပေါ်တက်ရင် ခြေအိတ်ချွတ်ဖို့ ပြောပြီးတက်တယ်။ ဘုရားပေါ်ရောက်တော့ တချို့ဧည့်သည်တွေ ခြေအိတ်မချွတ်ဘဲ သွားနေတာတွေ့တော့ ဧည့်သည်ကကိုယ့်ကို ပြန်မေးခွန်းထုတ်ရော”ဟု ဂျာမန်ဧည့်လမ်းညွှန်တစ်ဦးကပြောသည်။
ထိုကြောင့် စည်းကမ်းသတ်မှတ်ရာတွင် အားလုံးတစ်သမတ်တည်းဖြစ်စေချင်ကြောင်း မြန်မာ နိုင်ငံ ဧည့်လမ်းညွှန်အသင်း အတွင်းရေးမှူးကိုဝင်းဇော်ဦးက ပြောကြား သည်။ လွန်ခဲ့သော နှစ်ပေါင်းများစွာကပင် ဗုဒ္ဓ္ဓသာသနာအဆောက်အအုံများအတွင်း ဖိနပ်စီးနင်းခြင်းကို တားမြစ်ထားခဲ့ကြသည်။ သို့သော် အချို့သောဘုန်းကြီး ကျောင်းများတွင်မူ ကျောင်းထိုင်ဆရာတော်က ခွင့်ပြုပါက ကျောင်းဝိုင်းအတွင်းဖိနပ်စီးနင်းနိုင်ကြောင်း သိရသည်။

No comments: