Monday, January 30, 2012

"အခြေခံပညာအဆင့် နွမ်းပါးကျောင်းသား တစ်သောင်းကျော် လာမည့်ပညာသင်နှစ်တွင် ထောက်ပံ့ကြေး

"အခြေခံပညာအဆင့် နွမ်းပါးကျောင်းသား တစ်သောင်းကျော် လာမည့်ပညာသင်နှစ်တွင် ထောက်ပံ့ကြေး ရမည်" ပညာဆက်လက်သင်ရန် အခက်အခဲရှိသော အခြေခံပညာအဆင့် နွမ်းပါးကျောင်းသား၊ ကျောင်းသူများအား လာမည့်ပညာသင်နှစ် အစတွင် ထောက်ပံ့ကြေးပေးသွားမည် ဟု နေပြည်တော်ရှိ ပညာရေးဝန်ကြီးဌာနမှ သိရသည်။ ယင်း ကျောင်းသားများကို စိစစ်ရွေးချယ်သွားမည်ဖြစ်ပြီး စုစုပေါင်း ကျောင်းသားတစ်သောင်း ကျော်အားထောက်ပံ့ကြေး ပေးအပ်သွားမည်ဟု အဆိုပါ ဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဦးအေးကြူက ပြောသည်။မြို့နယ်ခွဲပေါင်း၄၁ဝ ကျော်တို့မှ နွမ်းပါးကျောင်းသား၊ ကျောင်းသူများအား ရွေးချယ်သွားမည် ဖြစ်ရာ ရွေးချယ်မှုကို ထင်သာမြင်သာဖြစ်အောင် လုပ်ဆောင် သွားမည်ဟု ၄င်းကဆိုသည်။ ”ပညာသင်ထောက်ပံ့ကြေး ပေးဖို့မဆောင်ရွက်ခင်မှာ ပွင့်လင်းထင်သာ မြင်သာအောင်လုပ်သွားဖို့ စီစဉ်ထားတယ်။ ဒီ့အတွက် တစ်နိုင်ငံလုံးမှာရှိတဲ့ ပညာရေးမှူးတွေကို ခေါ်ထားတယ်။ ဆောင်ရွက်ပြီးမှ အဆင်မပြေဖြစ်မှာ စိုးရိမ်တဲ့အတွက် ကြောင့်ပါ”ဟု အထက်ပါပုဂ္ဂိုလ်က ဆိုသည်။ ပညာသင်ထောက်ပံ့ကြေး ပေးမှုတွင်အခြေခံပညာမူလတန်း၊ အလယ်တန်း၊ အထက်တန်းအဆင့် အားလုံးပါဝင်ပြီး တစ်မြို့နယ်လျှင် ၁၁ ဦးရရှိမည်ဖြစ်ကြောင်း ၄င်းက ဆက်လက်ပြောသည်။ ပညာသင် ထောက်ပံ့ကြေး ပေးမှုကိစ္စနှင့် ပတ်သက်၍ လူရွေးချယ်ခြင်းကို ကံကောင်း၍၊ နီးစပ်၍ အစရှိသည်ဖြင့် ဆောင်ရွက်မှုကို လက်ခံသွားမည်မဟုတ်ဟု ပညာရေးမှူး တို့အား ပြောကြားသွားမည်ဟု သိရပြီး၊ အမှန်တကယ်နွမ်းပါးပြီး မိဘမဲ့ပြည်သူတို့ကို ဦးစားပေးမည်ဟု အဆိုပါပုဂ္ဂိုလ်က ထပ်မံဆိုသည်။ ”မိဘမဲ့ ပြီးမှ တစ်ယောက်မဲ့၊ နှစ်ယောက်မဲ့ စသည်ဖြင့် ရွေးသွားခိုင်းမယ်” ဟု အထက်ပါပုဂ္ဂိုလ်က ရွေးချယ်လုပ်ဆောင်သွားမည့် ပုံစံကို ပြောသည်။ သူငယ်တန်းအတွက် ပညာသင်ထောက်ပံ့ကြေးရရှိသူနှင့် အတန်းအဆင့်ဆင့်အလိုက် ရရှိသူများမှာ ချမှတ်ထားသည့် စည်းကမ်းများကို လိုက်နာသွားနိုင်မည် ဆိုပါက ဆက်လက်ရရှိသွားနိုင်မည်ဟု ၄င်းက ပြောသည်။ အတန်း အဆင့်ဆင့်အလိုက် လစဉ်ထောက်ပံ့သွားမည့် ငွေပမာဏကို အဆင့်အလိုက် သတ်မှတ်ထားပြီး လူရွေးချယ်မှုကို သက်ဆိုင်ရာ မြို့နယ်များမှ အခြေခံပညာ စာမေးပွဲပြီးဆုံး၍ ကျောင်းမဖွင့်မီ လကြားထဲ၌ လုပ်ဆောင်ကြမည်ဟု ပညာရေးဝန်ကြီးဌာနမှ သိရသည်။

No comments: