မြန်မာနိုင်ငံ မန္တလေးမြို့မှ အိန္ဒိယနိုင်ငံ အင်ဖာမြို့အထိ ခရီးသည်တင် ဘတ်စ်ကား ပြေးဆွဲမည့် အစီအစဉ်အရ ဖေဖော်ဝါရီလအတွင်း စတင် ပြေးဆွဲဖွယ် ရှိနေပြီဖြစ်ကြောင်း အိန္ဒိယဘက်မှ လာသော သတင်းများနှင့် နယ်စပ်ကုန်သွယ်ရေး ညွှန်ကြားမှု ဦးစီးဌာနမှ သတင်းများအရ ၄-၁-၂၀၁၂ ရက်က သိရသည်။ ယင်းအစီအစဉ် အတွက် အိန္ဒိယနိုင်ငံက အဓိက လုပ်ဆောင်နေခဲ့ခြင်း ဖြစ်ကာ နယ်စပ်ဖြတ်ကျော်၍ ဗုဒ္ဓဂယာကို ပိုမို ဝင်ရောက်လာစေရန် ရည်ရွယ်ထားကြောင်း သိရသည်။ မဏိပူရပြည်နယ် အင်ဖာမြို့သို့ သွားရောက်နိုင်ရန် မန္တလေးမြို့ရှိ အိန္ဒိယ ကောင်စစ်ဝန်ရုံးက ဗီဇာ စီစဉ်ပေးမည်ဖြစ်ကြောင်း သိရသည်။ “ခရီးသည်တင်ကားတွေ ပြေးဆွဲဖို့ ကိစ္စက ပို့ဆောင်ရေး ဝန်ကြီးဌာနက ပိုပြီး သိမှာပါ။ လောလောဆယ်တော့ တမူး၊ မိုးရေးလမ်းပဲ ဖွင့်ထားသေးပါတယ်။ ဒါပေမဲ့ ဒီကိစ္စက ရည်မှန်းချက် ရှိရင်လည်း ရှိမှာပါ” ဟု နယ်စပ်ကုန်သွယ်ရေး ညွှန်ကြားမှု ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးအောင်မင်းက ပြောကြားသည်။
“နှစ်နိုင်ငံက လူကြီးတွေ အကြမ်းဖျင်း သဘောတူထားတယ်။ မြန်မာဘက်က အင်ဖာမှာ လာပြီး ဗီဇာရုံးဖွင့်ခွင့် ပေးထားတယ်။ ပြီးရင် အင်ဖာကနေ ကားနဲ့ မြန်မာနယ်စပ် မိုးရေးကို သွားမယ်။ ပြီးရင် တမူး နန်းဖာလုံကနေ မန္တလေးကို မြန်မာဘက်က ကားနဲ့ သွားမယ်။ ဘာဖြစ်လို့လဲ ဆိုရင်တော့ အိန္ဒိယကားတွေက ဘယ်မောင်းတွေ၊ မြန်မာက ညာမောင်း၊ တိုက်ရိုက်သွားလို့ မရသေးဘူး။ ကားတွေ မတူကြဘူး” ဟု မြန်မာ - အိန္ဒိယနယ်စပ်အရေး လေ့လာသူတစ်ဦးက ပြောကြားထားသည်။ နှစ်နိုင်ငံနယ်စပ်မှ လိုင်းကားပြေးဆွဲပါက မြန်မာဘက်မှ ဗုဒ္ဓဂယာ ဘုရားဖူးသွားလျှင် ပိုမို စရိတ်သက်သာစေနိုင်ပြီး အိန္ဒိယဘက်မှ ခရီးသွားများလည်း မြန်မာနိုင်ငံသို့ ပိုမို ဝင်ရောက်နိုင်မည်ဖြစ်ကာ မန္တလေးဒေသရှိ မဏိပူရ၊ ကသည်းအနွယ်များ အနေဖြင့်လည်း အိန္ဒိယဘက်သို့ သွားရောက်မှု ပိုမို အဆင်ပြေစေမည်ဟု သိရသည်။ နှစ်နိုင်ငံ ခေါင်းဆောင်များ၏ ၂၀၁၁ ခုနှစ် သဘောတူညီချက်များတွင်လည်း ရန်ကုန်မှ ကိုးလ်ကတ္တားသို့ ကားလမ်းပြေးဆွဲခြင်း ပါဝင်နေပြီး ယင်းကိစ္စမှာ စီမံကိန်းတစ်ခု၏ အစပျိုး လုပ်ငန်းစဉ် ဖြစ်ဖွယ်ရှိနေသည်ဟု သိရသည်။

No comments:
Post a Comment