Monday, January 30, 2012

ပြည်တော်သာစီမံကိန်းကြီးလို ရေစုန်မျောမသွားစေဖို့

နိုင်ငံခြားဧည့်သည်တွေ တစ်ယောက်ဝင်တစ်ယောက်ထွက် ၀င်လာမစဲ တဖွဲဖွဲဖြစ်နေတာကိုကြည့်ပြီး မြန်မာနိုင်ငံသားအားလုံး ၀မ်းသာအား ရဖြစ်ကြတယ်။ အထူးသဖြင့် နှစ်ပေါင်း ငါးဆယ်ကျော်ခပ်စိမ်းစိမ်းနေခဲ့ကြတဲ့ အမေရိကန်၊ အင်္ဂလိပ်၊ ပြင်သစ်စ တဲ့ အနောက်နိုင်ငံတွေက နိုင်ငံခြားရေးဝန်ကြီးတွေကိုယ်တိုင် ရောက်လာကြတာကို ပိုပြီးသဘောတွေ့ကြတယ်။
ကိုယ်ထူကိုယ်ထပင်ပန်းလှပြီ



ရောက်လာသမျှ ဧည့်သည်တိုင်းကလည်း အားတက်စရာစကားတွေ ပြောသွားကြတယ်။ စီးပွားရေးပိတ်ဆို့မှုတွေရုပ်သိမ်းဖို့ နီးစပ်လာပြီ၊ ကူညီထောက်ပံ့မှုတွေနဲ့ ချေးငွေတွေလည်း ပြန်ပေးမယ်။ ရင်းနှီးမြှုပ်နှံမှုတွေလည်း လာကြမယ်စတဲ့ စတဲ့ စကားတွေကို မစားရ၀ခမန်း ပြောကြတယ်။ နှစ်ပေါင်းငါးဆယ်လုံးလုံး အရာရာတိုင်း ကိုယ့်အားကိုယ်ကိုး ကိုယ်ထူကိုယ်ထချည်း လုပ်နေကြရလို့ ပင်ပန်းလှပြီဖြစ်တဲ့ တိုင်းသူပြည်သားများအဖို့တော့ ကူညီထောက်ပံ့မှုတွေ လာတော့မယ်ဆိုတဲ့စကားဟာ မင်္ဂ လာအရှိဆုံး ဖြစ်နေပါတော့တယ်။
အားခဲနေကြတယ်ဒါ့အပြင်
မြန်မာလူမျိုးတိုင်းရဲ့ ရင်ထဲမှာကျိတ်ပြီး မခံချိမခံသာဖြစ် နေရတာတွေကလည်း နည်းနည်းနောနောမှ မဟုတ်တာ။ ဟိုအရင်က ကိုယ့်ကိုမော့ကြည့်နေခဲ့ရတဲ့ နိုင်ငံတွေက အခုကိုယ့်ကိုမတူသလို မတန်သလို ဆက်ဆံနေကြတာတွေ မ နည်း အောင့်အီးသည်းခံနေခဲ့ကြရတာ ကြာနေပြီ။ အထူးသဖြင့် ကိုယ့်ဆီက သယံဇာတတွေကိုယူပြီး သူတို့သူဌေးဖြစ်နေကြတာတွေကို မခံချင်ဘူး။ ဒါပေမဲ့ ကိုယ်လည်း ဘာမှ မတတ်နိုင်လို့'နေသေးသပချုံထဲက ချိုသွေးသမျှတမြမြ' ပဲလုပ်နေခဲ့ကြရတယ်။ အခုလိုကူညီထောက်ပံ့မှုတွေ အလုံးအရင်းနဲ့ ၀င်လာမယ်ဆိုတော့ လုပ်လိုက်မဟဲ့ဆိုပြီး အားခဲနေကြတယ်။ ၀မ်းသာအားရ စောင့်ကြိုနေကြတယ်။
ပြင်စရာရှိတာပြင်ဆင်ဖို့
ကိုယ်တိုင်လည်းဝမ်းသာကျေ နပ်ဖြစ်ပါတယ်။ ကူညီထောက်ပံ့မှုတွေ ၀င်ရောက်လာတဲ့အခါကိုယ့်ဘက်က အဆင်သင့်ဖြစ်အောင် ပြင်ဆင်စရာရှိတာတွေ ပြင်ဆင်ထားဖို့လည်း စဉ်းစားမိပါတယ်။ စီးပွားရေးသမား မဟုတ်ဘဲသတင်းစာသမားဖြစ်တော့  တစ်ချိန်ချိန်မှာ ရရှိလာမယ့်နေ့စဉ် သတင်းစာထုတ် ဝေခွင့်အတွက်ပဲ ဦးဆုံးစဉ်းစားမိတယ်။ စာပေစိစစ်ရေး ဆက်ပြီး ရှိနေဦးမှာလား။ ဘယ်တစ်ချိန်မှာ လုံးဝရုပ်သိမ်းမှာလဲဆိုတာက ကိုယ့်ကိစ္စမဟုတ်တော့ ဒီအကြောင်း စဉ်းစားမနေချင်ဘူး။ ကိုယ့် ကိစ္စပဲ ကိုယ်စဉ်းစားတော့မယ်။ နေ့စဉ်သတင်းစာ ထုတ်ဝေခွင့်ရတဲ့အခါ ကိုယ့်ဆီမှာလုံလောက်တဲ့အင်အား အမှန်တကယ်ရှိနေပြီလားဆိုတာ သုံးသပ်ဖို့လိုတယ်။ သတင်းရှာတတ်၊ လိုက်တတ်၊ နှိုက်တတ်တဲ့ သတင်းထောက်တွေ အလုံအလောက်ရှိရဲ့ လားဆိုတာဆန်းစစ်ရမယ်။ အင်တာဗျူးလုပ်ရာမှာ မေးခွန်းမေးတတ်ရဲ့လားဆိုတာလည်း ကြည့်ရမယ်။ အယ်ဒီတာတွေကလည်း သတင်းထောက်တွေကို ဦးဆောင်လမ်းညွှန်မှုပြုနိုင်တဲ့ အရည်အချင်းရှိဖို့လိုတယ်။ စာနယ်ဇင်းကျင့်ဝတ်တွေကိုလည်း နောကျေအောင်သိထားမှဖြစ်မယ်။ ဒီအချက်တွေကိုစဉ်းစားပြီး ပြင်ဆင်ထားကြဖို့ ဂျာနယ်သမားလူငယ်တွေကို တိုက်တွန်းပါတယ်။
စီးပွားရေးသမားစစ်စစ်ပေါ်ထွက်ဖို့
စီးပွားရေးစာမျက်နှာမှာလည်း ပြင်ဆင်စရာတွေအများကြီးရှိပါတယ်။ အရေးကြီးဆုံးအချက်ကတော့ စီးပွားရေးသမားစစ်စစ်တွေ ပေါ်ထွက်လာဖို့ ဖြစ်တယ်။ ၁၉၈၈ ခုနှစ်နောက်ပိုင်းကစပြီး ဈေးကွက်စီးပွားရေး စတင်ခဲ့တယ်ဆိုပေမယ့် အုပ်ချုပ်ရေးစနစ်က တစ်သွေးတစ်သံတစ်မိန့် အာဏာရှင်စနစ်ဖြစ်နေတာကြောင့် ပီပြင်တဲ့ဈေးကွက်စီးပွားရေး ဖြစ်မလာခဲ့ဘူး။ လုပ်ပိုင်ခွင့်အာဏာလက်ကိုင်ရှိသူက မီးစိမ်းမပြရင် ဘာမှ လုပ်လို့မရဘူး။ လုပ်ပိုင်ခွင့်ရှိသူဆီက ပါမစ်ရဖို့သိပ်အရေးကြီးတယ်။ ရိုးရိုးသားသားစီးပွားရေး လုပ်တဲ့သူတွေက လုပ်ပိုင်ခွင့်ရှိသူတွေနဲ့ ဘယ်နီးစပ်မှာလဲ။ ဒီတော့အများစုက မိရိုးဖလာလုပ်လာတဲ့လုပ်ငန်းကို စွန့်ပြီး ဘေးထွက်ထိုင်နေလိုက်ကြတယ်။
လက်သင့်ရာစားတော်ခေါ်
တချို့ကတော့ ထွက်မသွားဘဲ ကုပ်ကပ်ပြီးနေရင်းနဲ့ လုပ်ပိုင်ခွင့်ရှိသူတွေနဲ့ နီးစပ်ခင်မင်ရာတွေကို လိုက်ရှာကြတယ်။ ရှာတော့လည်းတွေ့တာပေါ့။ ဒီလိုနဲ့ပဲ ကြားပွဲစား၊ ပါမစ်ပွဲစားဆိုတာတွေ တစ်ယောက်ပြီးတစ်ယောက် ပေါ်ထွက်လာကြတယ်။ ကြာ လာတော့ ဈေးကွက်စီးပွားရေးဆိုတာလည်း မြန်မာ့ဆိုရှယ်လစ်ခေတ်ကလို 'လက်သင့်ရာစားတော်ခေါ်' တဲ့ စီးပွားရေးဖြစ်သွားပြီး စီးပွားရေးသမားစစ်စစ်တွေက လုံးဝဘေးကို ရောက်သွားကြတော့တယ်။ မြန်မာနိုင်ငံရဲ့ အစဉ်အလာလူများစုဖြစ်တဲ့ လူလတ်တန်းစားဆိုတာလည်း တဖြည်းဖြည်းပျောက်သွားပြီး သိပ်ချမ်းသာသူနဲ့ သိပ်ဆင်းရဲသူဆိုတဲ့ လူတန်းစားနှစ်ရပ်ပဲ ကျန်တော့သလို ဖြစ်သွားတယ်။

မြန်မာနိုင်ငံဟာလည်း နိုင်ငံခြားကူညီထောက်ပံ့မှုတွေနဲ့ ချေးငွေတွေ မကြာမီရောက်ရှိလာဖွယ်ရှိလေတော့ အာဖရိကလိုမဖြစ်ရအောင် အကျင့်ပျက်ခြစားမှုတွေကို ကြိုတင်ရှင်းလင်းဖယ်ရှားထားဖို့ လိုပါတယ်။ ဒီလိုလုပ်မထားနိုင်ရင် ဖဆပလခေတ်က လူတစ်ကိုယ် တိုက်တစ်လုံး၊ ကားတစ်စီးနဲ့ လစဉ်ဝင်ငွေကျပ် ၅၀၀ ဆိုတဲ့ ပြည်တော်သာစီမံကိန်းကြီး ရေစုန်မျောသလို ဖြစ်သွားနိုင်ပါတယ် ...

အာဖရိကသင်ခန်းစာ

ကမ္ဘာပေါ်က အာဏာရှင်နိုင်ငံ မှန်သမျှမှာ ချမ်းသာသူနဲ့ ဆင်းရဲသူများရဲ့ကြားက ကွာခြားချက်ဟာ သိပ်ကိုကြီးမားကြတယ်။ ဒီကွာခြားချက် သိပ်ကြီးမားမှုဟာအင်မတန် ကြောက်စရာကောင်းတယ်။ ဒါကို အထူး သတိထားဖို့လိုတယ်။ နောက်တစ်ခု သတိထားဖို့ လိုတာကတော့ အာဖရိကတိုက်ကြီးလို မဖြစ်စေဖို့ပဲ။ ဒုတိယကမ္ဘာစစ်ကြီးပြီးသွားတော့ အာဖရိကတိုက်ကြီးကို ဆင်းရဲမွဲတေခြင်းက လွတ်ကင်းအောင် လုပ်ဆောင်ဖို့ဆိုပြီး ကုလသမဂ္ဂအဖွဲ့ကြီးနဲ့ ချမ်းသာတဲ့ အနောက်နိုင်ငံတွေက နှစ်စဉ် နှစ် တိုင်းကူညီထောက်ပံ့မှုတွေ ချေးငွေတွေ ဒေါ်လာဘီလျံပေါင်းများစွာ သုံးစွဲခဲ့ကြတယ်။ ဒါပေမဲ့ နှစ်ပေါင်းခြောက်ဆယ်ကျော်လာတဲ့အထိ အာဖရိကတိုက်ကြီးဟာ ဆင်းရဲမွဲတေသူ အများဆုံး၊ ရောဂါအထူပြောဆုံး၊ စစ်ပွဲတွေအများဆုံးအဖြစ် ရှိနေသေးတယ်။
အကျင့်ပျက်ခြစားမှုတိုက်ဖျက်

ဒီလိုဖြစ်ရတဲ့ အကြောင်းများစွာထဲမှာ အာဏာရအသိုင်းအ၀ိုင်းနဲ့ အုပ်ချုပ်ရေးယန္တရားအတွင်း အကျင့်ပျက်ခြစားမှုတွေ ထိန်းမနိုင်သိမ်းမရ ကြီးထွားနေမှုလည်း အဓိကနေရာကပါနေတယ်လို့ ကုလသမဂ္ဂနဲ့ အကူအညီပေးရေး အဖွဲ့အစည်းများရဲ့ ထောက် ပြမှုတွေအရ သိရတယ်။ မြန်မာနိုင်ငံဟာလည်း နိုင်ငံခြားကူညီထောက်ပံ့မှုတွေနဲ့ ချေးငွေတွေမကြာမီ ရောက်ရှိလာဖွယ်ရှိလေတော့ အာဖရိကလိုမဖြစ်ရအောင် အကျင့်ပျက်ခြစားမှုတွေကို ကြိုတင်ရှင်းလင်းဖယ်ရှားထားဖို့ လိုပါတယ်။ ဒီလိုလုပ်မထားနိုင်ရင် ဖဆပလခေတ်က လူတစ်ကိုယ်တိုက် တစ်လုံး၊ ကားတစ်စီးနဲ့ လစဉ်ဝင်ငွေ ကျပ် ၅၀၀ ဆိုတဲ့ ပြည်တော်သာစီမံကိန်းကြီး ရေစုန်မျောသလို ဖြစ်သွားနိုင် ပါတယ်။
လွတ်လပ်စွာရေးခွင့်ရှိဖို့
အကျင့်ပျက်ခြစားမှုတိုက်ဖျက်ဖို့အတွက် စာနယ်ဇင်းတွေက လွတ်လွတ်လပ်လပ် ရေးသားတင်ပြခွင့်ရှိဖို့ အထူးရှိဖို့လိုတယ်။ ဒါ့အပြင်တရားစီရင်ရေး အဖွဲ့အစည်းကလည်း လုံးဝသန့်ရှင်းပြီး ကျင့်ဝတ်သိက္ခာကို အပြည့်အ၀ စောင့်ထိန်းဖို့ လိုအပ်ကြောင်း ထောက်ပြရင်း အဆုံးသတ်လိုက်ပါတယ်။

No comments: