Monday, October 29, 2012

သီတင်းကျွတ် လပြည့် ပ၀ါရဏာနေ့

ဘုရားရှင်ဟာ သီတင်းကျွတ်လပြည့်နေ့အဘိဓမ္မာတရားဟောလို့

ပြီးဆုံးသွားတဲ့အခါတာဝတိံသာနတ်ပြည်ကနေလူပြည့်ကိုပြန်ဆင်းကြွတော်မူပါတယ်။

သိကြားမင်းက တာဝတိံသာနတ်ပြည်ကနေ လူ့ပြည်သင်္ကဿမြို့အရောက်

စောင်းတန်းကြီး၃သွယ် ဖန်ဆင်းပေးပါတယ်။ လက်ျာဖက်ရွှေစောင်းတန်းကနေ

နတ်တွေခြံရံလိုက်ပါလာကြတယ်။လတ်ဝဲဖတ်ငွေစောင်းတန်းကနေ

ဗြဟ္မာတွေခြံရံလိုတ်ပါလာကြတယ်။အလယ်ပတ္ကမြားစောင်းတန်းကနေ ဘုရားရှင်က

ရောင်ခြည်တော်(၆)သွယ်လွှတ်ပြီး အံ့သြစဖွယ်တင့်တယ်စွာ သင်္ကဿမြို့အရောက်

ဆင်းကြွတော်မူခဲ့ပါတယ်။ အဲဒီလို နတ်ပြည်ကနေလူ့ပြည့်ကိုတင့်တယ်စွာ

ဆင်းကြွတော်မူခဲ့တဲ့ဘုရားရှင်ကို အာရုံပြုပြီး ယခုအခါ

သီတင်းကျွတ်လပြည့်နေ့ရောက်တိုင်း ဆီမီးတွေ ထွန်းညိုပူဇော်နေကြတာ

ဖြစ်ပါတယ်။ဒါကြောင့် သီတင်းကျွတ်လလည်းရောက်နေပြီဖြစ်သောကြောင့်

မိဘ၊ဆရာသမားများ၊သက်ကြီးရွှယ်အိုတို့အားပြုစု၍ကုသိုလ်တော်များရယူနိုင်အောင်

အသိပေး နိုးဆော်အပ်ပါသည်။


သီတင်းကျွတ်လသည် မြန်မာတို့ ၏ (၁၂) လရာသီတွင် သတ္တမမြောက်လဖြစ်ပြီး

ဝါတွင်းကာလ၏ နောက်ဆုံးလဖြစ်ပါသည် ။

ရာသီခွင်မှာ တူရာသီ ဖြစ်ပြီး အဿဝတီ ကြယ်နှင့် လမင်းတို့ စန်းယှဉ်ကာ


မွန်းတည့်ကြသည် ။ရာသီပန်းမှာ ကြာဖြူပန်း ( Nymphaea Lotus ) ဖြစ်ပါသည် ။

သီတင်းကျွတ်လကို ရှေးမြန်မာကျောက်စာများ၌ `သန္တူလ´ ဟုရေးထိုးကြသည်

ကိုတွေ့ရပါသည်။ ချိန်ခွင်ပုံ ကြယ်တာရာ နက္ခတ်တို့  စုဝေးသော မိုးကာလဟု

လည်းကောင်း ၊ တောင်သူလယ်သမားတို့ စိုက်ပျိုးထားသောစပါးပင်များ

သန်စွမ်းစွာထောင်မတ်သောလဟု လည်းကောင်း ပညာရှိများ ဖွင့်ဆိုကြပါသည်။

မြန်မာတို့ သည့် စိတ်ရင်းရိုးသား တည်ကြည်ကြသူများ ဖြစ်သည်နှင့်အညီ

စစ်မှန်သော ထေရ၀ါဒ ဗုဒ္ဓသာသနာတော်ကို

ပုဂံခေတ် အနော်ရထာမင်းတရား နှင့်ရှင်အရဟံ မထေရ်မြတ်တို့၏

ကျေးဇူးတရားကြောင့် ဆည်းကပ်ကိုးကွယ်ခွင့် ရကြပြန်သောအခါ

ဗုဒ္ဓမြတ်စွာ၏ အဆုံးအမ တရားတော်များနှင့်

လိုက်လျောညီထွေစွာ အေးချမ်းပျော်ရွှင်ဖွယ် ကောင်းသော လူနေမှုဘ၀များဖြင့်

လောကဓံတရားများကို ရင်ဆိုင်ကျော်လွှားနိုင်သော ၊

ရောင့်ရဲတင်းတိမ်တတ်သော စိတ်နှလုံးကိုခေတ်အဆက်ဆက် ပိုင်ဆိုင်ခဲ့ကြသူများ

ဖြစ်ကြပါသည် ။ ဤစိတ်ဓာတ်များ အရင်းခံဖြင့် (၁၂) လရာသီရှိသည့်အနက်

အခါကြီး၊ ရက်ကြီးနေ့များတွင် ရတနာသုံးပါးအား ရည်စူး၍ ကောင်းမှုကုသိုလ်များ

ပြုလုပ်လေ့ရှိကြပါသည် ။

သီတင်းကျွတ် မီးထွန်းပွဲတော်သည် မြန်မာတို့၏ (၁၂) လရာသီ ပွဲတော်များတွင်

ထင်ရှားသောပွဲတော် တစ်ခုဖြစ်ပြီး ပွဲတော်စတင်ကျင်းပခဲ့သည့် အစဉ်အလာမှာ

ဘုရားရှင် သက်တော်ထင်ရှား ရှိခဲ့စဉ်အခါကပင် ဖြစ်ပါသည် ။

ဗုဒ္ဓမြတ်စွာဘုရားရှင်သည် သတ္တမမြောက်ဝါကို တာဝတိံသာ နတ်ပြည်၌

ဝါကပ်တော်မူပြီး မယ်တော်ဖြစ်ခဲ့ဖူးသော

သန္တုဿီတနတ်သားအားအမှုးပြု၍ စကြ၀ဠာနေရာ အနှံ့ မှ နတ်ဗြဟ္မာ

အပေါင်းတို့ အား အဘိဓမ္မာတရားတော်မြတ်ကို ဟောကြားတော်မူသည် ။

သီတင်းကျွတ်လပြည့်နေ့  ရောက်သောအခါ ဘုရားရှင်သည် နတ်ဗြဟ္မာ

အပေါင်းခြံရံကာ ရွှေစောင်းတန်း ၊ ငွေစောင်းတန်း ၊ပတ္တမြားစောင်းတန်းများဖြင့်

စီခြယ်အပ်သော ရတနာစောင်းတန်းဖြင့် လူ့ ပြည်ဖြစ်သော သင်္ကဿနဂိုရ်ပြည်သို

့ပြန်လည်ဆင်းသက်ကြွမြန်းတော်မူသည် ။

ထိုအခါ သမယတွင် ပြည်သူပြည်သားအပေါင်းတို့က မီးရှူးမီးတိုင်များ ၊မီးပန်းများ၊

ဆီမီးများ ပန်း၊ ရေချမ်းများဖြင့် ကပ်လှူပူဇော်ကြသည် ။

တာဝတိံသာနတ်ပြည်ရှိ စူဠာမဏိစေတီတော် ကိုလည်း ပူဇော်သည့်

အထိမ်းအမှတ်ဖြင့် မီးပုံးများပြုလုပ်၍ ကောင်းကင်သို့ လွှတ်တင် ပူဇော်ကြသည်

။ထိုကဲ့သို့ ပူဇော်ကြသည်ကို အကြောင်းပြုကာ ယနေ့ ခေတ်အခါတိုင်အောင်

မြန်မာတစ်နိုင်ငံလုံး၌ နှစ်စဉ်ကျင်းပ ပြုလုပ်မြဲ ဖြစ်သည် ။

သီတင်းကျွတ် လပြည့်နေ့တွင် ပုရိမ၀ါမှ ထမြောက်ကြသော

သံဃာတော်အရှင်မြတ်များ သည် မိမိတို့အချင်းချင်း အပြစ်ကြီးငယ်ရှိပါက

သည်းခံခွင့်လွတ်ရန်၊ လမ်းမှန်ကိုညွန်ပြရန်၊ သွန်သင်ဆုံးမရန် တောင်းပန်ကြပြီး

ပ၀ါရဏာပြုကြပါသည်။

ထို့ကြောင်း သီတင်းကျွတ် လပြည့်နေ့ကို ပ၀ါရဏာနေ့ဟုလည်း ခေါ်ကြပါသည်။

ထို့အတူ မြတ်ဗုဒ္ဓ၏ အဆုံးအမ၌ တည်ကြသော မြန်မာလူမျိုးတို့သည်လည်း

မိမိထက်အသက် ဂုဏ်ဝါကြီးသူ၊မြင့်မြတ်သူ၊ ရိုသေလေးစားထိုက်သူတို့အပေါ်

အပြစ်ကြီးငယ်များရှိပါက သည်းခံခွင့်လွတ်ကြရန် ငယ်သူ ၊ နိမ့်ကျသူတို့က ပူဇော်ကန်တော့လေ့ ရှိကြသည်။

ထို့ပြင် ဤထူးမြတ်သော ၀ါကျွတ်သော အချိန် အခါသမယတွင်

မိမိတို့တတ်နိုင်သမျှ ပူဇော် သက္ကာရတို့ ဖြင့် သက်ကြီးဝါကြီးများ ၊ မိဘဆရာများကို

ပူဇော်ကန်တော့လေ့ရှိကြ၏ ။

ထို့ကြောင့် ၀ါကျွတ်ကာလသည် မြန်မာတို၏

တစ်ဦးကို တစ်ဦး ရိုသေလေးစားတတ်သော သဘော ၊

မာန်မာနကို နှိမ့်ချတတ်သော သဘော၊

အပြန်အလှန် မေတ္တာစေတနာ ထားတတ်သောသဘော စသည်ဖြင့် အမျိုးကောင်း

သားသမီးတို့၏ ယဉ်ကျေးသိမ်မွေ့သော စိတ်နေစရိုက် ကိုဖော်ကျူး ပြသနေသော

အမျိုးဂုဏ်ကို မြှင့်တင်ပေးနေသည့် အချိန်အခါ ဖြစ်ပါသည်၊၊

သို့ဖြစ်ရာ မြန်မာပြည်များအားလုံး

ကောင်းသောအကြံ ၊

မှန်သောအကျင့် ၊

သင့်သောအယူ ၊

ဖြူသောနှလုံး ၊

သူတော်ထုံး´ တို့ ဖြင့် သီတင်းကျွတ် မီးထွန်းပွဲတော်ကို ပျော်ရွှင်စွာ ပါဝင်ဆင်နွဲ

နိုင်ကြပါစေ..ဟု ဆန္ဒပြုလိုက်ပါသည်။ ။

ဖော်ပြပါကဲ့သို့ သီတင်းကျွတ်ကာလ၏ ပျော်ရွှင် ချမ်းမြေ့.သာယာပုံကို

ရှေးစာဆိုတစ်ဦး၏ ကဗျာတစ်ပုဒ်ဖြင့် နိဂုံးချုပ်လိုက်ရပါသည်။

ဆီမီးရယ်ထိန် ၊

အိုင်မင်းရေကြည်က .. ၊

ကြာငါးမည် ငုံအာစွင့်တယ်.. ၊

ဖူးပွင့်ချိန်ခါ .. ။

အဿဝဏီ ယှဉ်ကာချဉ်းပါလို့ .. ၊


လင်းလာတဲ့

ငွေတာရိန်ရယ်.. ၊

ပြာမှိန်လျက် မြူချေဆိုင်း .. ။

ဂါရဝေ ၊ သဒ္ဒါခြွေ ကန်တော့ပွဲကိုလ .. ၊

မစဲပေါင် ကုသိုလ်နှိုးကြတယ် .. ၊

မျိုးမြန်မာတိုင်း။ ။

1 comment:

Anonymous said...

စိတ်ဝင်စားစရာကောင်းပါတယ်....
လာလည်ရင်း...စာလဲဖတ်သွားတယ်....