Wednesday, March 28, 2012

အဂတိ လိုက်စား မှုနှင့် အာဏာ အလွဲ သုံးစားမှုများ အရေးယူနေဟု သမ္မတဦးသိန်းစိန် ပြောကြား


"အကြောင်းအမျိုးမျိုးကြောင့် လူသိရှင်ကြား ထုတ်ပြန်ကြေညာခြင်း မရှိသော်လည်း အဂတိလိုက်စားမှု၊ အာဏာအလွဲသုံးစားပြုမှု၊ မလျော်မကန် ပြုလုပ်မှုများနှင့် ပတ်သက်၍ အသိပေးခြင်း၊ သတိပေးခြင်း၊ အရေးယူခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း နိုင်ငံတော်သမ္မတ ပြောကြား"

အကြောင်းအမျိုးမျိုးကြောင့် လူသိရှင်ကြား ထုတ်ပြန်ကြေညာခြင်း မရှိသော်လည်း အဂတိလိုက်စားမှု၊ အာဏာ အလွဲသုံးစားပြုမှု၊ မလျော်မကန် ပြုလုပ်မှုများနှင့် ပတ်သက်၍ အသိပေးခြင်း၊ သတိပေးခြင်း၊ အရေးယူခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က မတ်လ ၂၄ ရက်နေ့က ပြောကြားခဲ့သည်။

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ပုသိမ်မြို့ မြို့တော်ခန်းမ၌ ကျင်းပသည့် တွေ့ဆုံပွဲသို့ တက်ရောက်လာကြသော တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံးမှ ဒုတိယဗိုလ်ချုပ်ကြီးလှဌေးဝင်း၊ ပြည်ထောင်စုဝန် ကြီးများ၊ ဧရာဝတီတိုင်းဒေသကြီး ၀န်ကြီးချုပ်၊ တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ၊ အနောက်တောင်တိုင်း စစ်ဌာနချုပ် တိုင်းမှူး၊ ဒုတိယ၀န်ကြီးများ၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ၀န်ကြီးများ၊ တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာ အကြီးအကဲများ၊ ပုသိမ်မြို့မှ  ဒေသခံများသို့ ပြောကြားရာတွင် အထက်ပါအတိုင်း ထည့်သွင်းပြော ကြားခဲ့ခြင်း ဖြစ်သည်။
နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ''အဂတိလိုက်စားမှု၊ အာဏာ အလွဲသုံးစားပြုမှု၊ မလျော်မကန် ပြုလုပ်မှုများနှင့် ပတ်သက်၍လည်း အသိပေးခြင်း၊ သတိပေးခြင်း၊ အရေးယူခြင်းများ ဆောင်ရွက်လျက် ရှိပါကြောင်း၊ ခေတ်စနစ်နှင့်အတူ ပေါက်ဖွားလာခဲ့သည့် အကျင့်ပျက်ခြစား မှုများသည် မိဘပြည်သူများအတွက် ၀န်ထုပ်ဝန်ပိုး ဖြစ်စေရုံသာမက နိုင်ငံတည်ဆောက်ရေးအတွက်လည်း အတားအဆီး အနှောင့်အယှက်များ ဖြစ်နေပါကြောင်း၊ ယင်းဆူးငြောင့်များ ဖယ်ရှားနိုင်မှ လျောက်လှမ်းရသည့် လမ်းခရီး ချောမွေ့လာမည်ဖြစ်ပါကြောင်း''ဟု ပြောကြားခဲ့သည်။

''အကြောင်းအမျိုးမျိုးကြောင့် လူသိရှင်ကြား ထုတ်ပြန်ကြေညာခြင်း မရှိသော်လည်း မိမိတို့ အစိုးရလက်ထက်၌ ကျူးလွန်မှုနှင့်အညီ အရေးယူအပြစ်ပေးမှုများ ဆောင်ရွက်နေပါကြောင်း၊ မိမိပြောခဲ့ပြီးဖြစ်သည့်အတိုင်း စေတနာအမှားဆိုလျှင် နားလည် လက်ခံပေးနိုင်သော်လည်း ရည်ရွယ်ချက်ရှိရှိ ချိုးဖောက်မှုများကိုတော့ ဥပဒေနှင့်အညီ ထိထိရောက်ရောက် အရေးယူသွားမည် ဖြစ်ပါကြောင်း''ဟု နိုင်ငံတော်သမ္မတက ဆက်လက်ပြောကြားခဲ့သည်။
လက်ရှိတွင်လည်း ကျူးလွန် ပေါ်ပေါက်မှုအတိုင်း ဥပဒေအရ ထိထိရောက်ရောက် အရေးယူလျက်ရှိပါကြောင်း၊ အဆင့်ဆင့်သော အုပ်ချုပ်ရေး ၀န်ထမ်းများအနေဖြင့်လည်း မိဘပြည်သူများ စိတ်ကျေနပ်မှု၊ စိတ်ချမ်းသာမှုကို အလေးထား ဆောင်ရွက်ပေးကြပါ၊ ဥပဒေနှင့်အညီ ကောင်းမွန်သော အုပ်ချုပ်ရေးကို လက်တွေ့ကျကျ ဖော်ဆောင်ပေးကြပါဟု အလေးအနက်ထား ပြောကြားလိုပါကြောင်း ဦးသိန်းစိန်က ပြောကြားခဲ့သည်။
EMG

No comments: