ရေတိမ်ရောဂါအတွက် နီ၊ ကိုက်၊ မှုန်ကို မှတ်ထားစေချင်
ခေါင်းကိုက်တာက
ရေတိမ်နဲ့ ဆက်စပ်ပါတယ်။ မျက်လုံးမှာ ရေဖိအားများလာရင် မျက်စိက နာလာတယ်။
မျက်စိနာလာရင် အာရုံကြောတွေကတစ်ဆင့် ဦးခေါင်းခွံအရေပြား၊
မျက်နှာအရေပြားတွေ ကိုက်လာတယ်။
ဒါကြောင့်
တချို့မျက်စိရေတိမ် ဖြစ်နေတဲ့သူတွေက ခေါင်းကိုက်တာကို ရိုးရိုးပဲထင်ပြီး
ကုနေတတ်တဲ့အတွက် မျက်စိရေတိမ်ကို အတော်လေး နောက်ကျမှ သိတာမျိုး
ဖြစ်တတ်ပါတယ်။ ဒါကြောင့် ခေါင်းကိုက်ရင် မျက်စိရေတိမ် ရှိ၊ မရှိ စစ်ဆေးဖို့
လိုပါတယ်။ မျက်စိရေတိမ်ဖြစ်ပြီး မကုသရင် မျက်စိကွယ်နိုင်ပါတယ်။
ရန်ကုန်မျက်စိဆေးရုံကြီးမှာပဲ ဆရာတို့ရဲ့ ဆရာတစ်ဆူဖြစ်ခဲ့တဲ့ ပါမောက္ခ
ဦးမြင့်သိန်းက ၁၉၈၀ ပြည့်နှစ်ဝန်းကျင်မှာ ရန်ကုန်မျက်စိ ဆေးရုံကြီးကို
လာပြတဲ့ လူနာတွေကို သုတေသနလုပ်ပြီး စာတမ်းတစ်စောင် တင်ခဲ့ပါတယ်။
အဲဒါကတော့ ရေတိမ်ဖြစ်ပြီး (၂၄) နာရီအတွင်းမှာ ကုသမှုမခံယူဘူးဆိုရင်
မျက်စိရဲ့နာ့ဗ်ကြော (Optic Nerve) က ထိခိုက်မှုဖြစ်သွားတယ်။ တစ်ပတ်အတွင်း
ကုသမှုမခံယူရင် မျက်စိရဲ့ နာ့ဗ်ကြောထိခိုက်မှုက (၅၀)
ရာခိုင်နှုန်းဖြစ်သွားတယ်။ တစ်လအတွင်း ကုသမှုမခံယူရင်တော့ မျက်စိရဲ့နာ့ဗ်ကြော
ထိခိုက်မှုက (၁၀၀) ရာခိုင်နှုန်းဖြစ်ပြီး မျက်စိကွယ်သွားပါတယ်။
မျက်စိရဲ့နာ့ဗ်ကြောက ပျက်စီးသွားရင် ပြန်ပြီး အစားထိုးလို့မရတဲ့အတွက်
မျက်စိရေတိမ်ဖြစ်ပြီး မကုသရင် မျက်စိကွယ်သွားနိုင်ပါတယ်။
မျက်စိရေတိမ်မှာ အဓိကကုသတာက ရေဖိအားကို လျှော့ချရပါတယ်။ ရေဖိအားကို
လျှော့ချတဲ့အခါ မျက်စဉ်းဆေးပေးတာ၊ သောက်ဆေး ပေးတာတွေနဲ့ ချရပါတယ်။
အဲဒီအချိန်မှာ မျက်စိတွင်းရေဖိအားက ကျသွားတဲ့အခါ မြင်ကွင်းနဲ့
မျက်စိနာ့ဗ်ကြောကို ပြန်စစ်ရပါတယ်။ မြင်ကွင်းနဲ့ မျက်စိနာ့ဗ်ကြော အခြေအနေက
ဆေးနဲ့ထိန်းရုံနဲ့ လုံလောက်တယ်ဆိုရင် ဆေးနဲ့ပဲ ဆက်ထိန်းပေးပါတယ်။
ဆေးနဲ့ထိန်းရုံနဲ့ မလုံလောက်ရင်တော့ ခွဲစိတ်ကုသရပါတယ်။ ဒီနေရာမှာ
ပြောစရာရှိတာက လူနာရဲ့လိုက်နာမှုပေါ်မှာလည်း မူတည်ပါတယ်။
မျက်စိမှာ
ရေတိမ်ဖြစ်ရင် ဆေးကုသမှု ခံယူရမှာက ရာသက်ပန်ပါပဲ။ ဝေးလံတဲ့ ဒေသမှာနေပြီး
ရာသက်ပန် ဆေးမထည့်နိုင်ဘူးဆိုရင် ခွဲစိတ်ကုသမှု ခံယူဖို့လိုပါတယ်။
တချို့လူနာတွေကျတော့ ဆေးထည့်ဖို့ တတ်နိုင်ပေမယ့် ဝေးလံတဲ့ဒေသမှာ
နေတာဖြစ်လို့ မျက်စိဆရာဝန်ဆီ မှန်မှန်မပြနိုင်ဘူးဆိုရင်လည်း ခွဲစိတ်
ကုသသင့်ပါတယ်။ မျက်စိရေတိမ်ကုတာက ကိုယ့်သဘောနဲ့ကိုယ် ဆေးကုလို့ မရပါဘူး။
မျက်စိဆရာဝန်ရဲ့ ညွှန်ကြားချက်ကို အမြဲခံယူလိုက်နာနေဖို့ လိုပါတယ်။
မျက်စိရေတိမ်က ရေဖိအား (Intraoccular Pressure) ကိုချပြီး လျှော့ချရပါတယ်။
မျက်စိတွင်း ရေဖိအားက Target Pressure ကိုရောက်လား၊ မရောကလားဆိုတာကို
အမြဲစစ်ဆေး နေရပါတယ်။ ဥပမာ နှိုင်းယှဉ်ပြီး ပြောရရင် သွေးတိုးရောဂါဆိုရင်
သွေးဖိအားကျအောင် ဆေးပေးပြီး ချပေမယ့် ကျသွားတဲ့ သွေးဖိအားက ခန္ဓာကိုယ်ကို
ထိခိုက်မှု ရှိ၊မရှိ စစ်ပေးနေရသလိုပဲ မျက်စိရေတိမရှိသူကလည်း ဆေးထည့်လိုက်၊
ရေဖိအားကိုစစ်ဖို့ မျက်စိဆရာဝန်နဲ့ ပြလိုက်...ဒါကို ရာသက်ပန်လုပ်သွားရမှာ
ဖြစ်ပါတယ်။
တချို့ မျက်စိရေတိမ်ရောဂါနဲ့ မျက်လုံးအနေအထားက
မျက်စိနာ့ဗ်ကြောကို ထိခိုက်ဖို့ အလားအလာများနေရင် ခွဲစိတ်ကုသဖို့ မဖြစ်မနေ
လိုအပ်ပါတယ်။ ထောင့်ကျဉ်းရေတိမ်ဆိုရင် မျက်စိက နီရဲပြီး
မခံမရပ်နိုင်လောက်အောင် ကိုက်လွန်းလို့ အန်တောင်အန်တတ်ပါတယ်။ အန်တဲ့အတွက်
အစာအိမ် အူလမ်းကြောင်း ရောဂါလို့ထင်ပြီး သမားတော်တွေဆီ သွားပြကြတာမျိုး
ရှိတယ်။ ဒါကြောင့် နီ၊ကိုက်၊ မှုန်ဆိုတဲ့ စကားလုံးသုံးလုံးကို
မှတ်ထားရင်တော့ မျက်စိရေတိမ်ဖြစ်တာကို အလွယ်တကူ သိနိုင်ပါလိမ့်မယ်။
ထောင့်ကျယ်ရေတိမ်ဆိုရင်တော့ လူနာအနေနဲ့ သိဖို့ ခက်ပါတယ်။ လူနာတစ်ယောက်က
သူ့အမြင်ကို မျက်မှန်စမ်းရုံနဲ့ စိတ်တိုင်းမကျဘူးဆိုရင် မျက်စိအထူးကု
ဆရာဝန်ကို ရောဂါရှာဖို့ ပြောပြပါလို့ မှာကြားချင်ပါတယ်။
No comments:
Post a Comment