Wednesday, February 1, 2012

တစ်နေ့တာ အတွက် ရယ်စရာ

ခြေကန်ဆုံးဖြတ်ချက်

လူငယ်တစ်ဦးသည် လေသေနတ်တစ်လက်ဖြင့် ငှက်ပစ်ထွက်လာသည်။ ယာခင်းတစ်ခုအနီးသို့ ရောက်သောအခါ တောဘဲတစ်အုပ် ပျံလာသည်ကိုမြင်ရသဖြင့် လေသေနတ်ဖြင့် ချိန်၍ ပစ်လိုက်သည်။ တောဘဲတစ်ကောင်ကို ထိမှန်ပြီး ယာခင်းထဲသို့ ကျသွားသည်ကို တွေ့လိုက်ရသည်။ လူငယ်သည် စည်းရိုးကိုကျော်ဝင်ပြီး တောဘဲကို သွားကောက်သည်။ ထိုအချိန်တွင် ယာခင်းရှင် အဖိုးအို ရောက်လာပြီး


အဖိုးအို။        ။ ဟေ့ ငါယာခင်းထဲဝင်ပြီး ဘာလုပ်တာလဲ
လူငယ်။         ။ ကျုပ်ပစ်လိုက်တဲ့ ငှက်က ဒီယာခင်းထဲ ကျသွားလို့ ၀င်ကောက်တာ ခင်များက ဘာဖြစ်ချင်လည်း
အဖိုးအို။        ။ ဒီယာခင်းကို ငါပိုင်တယ်။ ဒါကြောင့် ဒီယာခင်းထဲ ရောက်လာတဲ့ ဘဲကိုလည်း ငါပိုင်တယ်
လူငယ်။         ။ ကျုပ်ရဲ့ ဘဲကို မပေးဘူဆိုရင် ခင်များကို တရားစွဲပြီး ဒီယာခင်းလေးပါကုန်သွားအောင် လုပ်ရလိမ့်မယ်။ ကျုပ်ကို ဘာမှတ်နေလဲ။
အဖိုးအိုက တစ်ချက်ပြုံးလိုက်ပြီး
အဖိုးအို။        ။ငါတို့ရဲ့ တောမှာတော့ ဒီလိုပြဿနာလောက်ကို တရားရုံးသွားပြီး ဖြေရှင်းဖို့ မလိုပါဘူးကွာ။ ခြေကန်ဆုံးဖြတ်ချက် နဲ့ပဲ ဖြေရှင်းကြပါတယ်။
လူငယ်က ခြေကန်ဆုံးဖြတ်ချက်ကို မကြားဖူးသဖြင့် စိတ်ဝင်စားသွားပြီး
လူငယ်။        ။ ခြေကန်ဆုံးဖြတ်ချက် ဆိုတာ ဘယ်လိုလဲ
အဖိုးအို။        ။ ပြဿနာဖြစ်တဲ့သူနှစ်ယောက်က တစ်ယောက်ကို တစ်ယောက် တလှည့်စီ ခြေထောက်နဲ့ သုံးချက်စီ ကန်ရတယ်။
လူငယ်။         ။ အနိုင် အရှုံးကို ဘယ်လို ဆုံးဖြတ်မလဲ
အဖိုးအို။        ။ တစ်ဖက်က အရုံးပေးပါပြီလို့ မပြောမချင်း တလှည့်စီ ကန်ကြရတာပဲ
လူငယ်သည် အဖိုးအို၏ ခွန်အားကို တစ်ချက်ကြည့်လိုက်ပြီး သေချာပေါက် နိုင်မည်ဟုဟူဆလိုက်ပြီး ထိုနည်းဖြင့် ဆုံးဖြတ်ရန် သဘောတူလိုက်သည်။ အဖိုးအိုက လူငယ်ကို စေ့စေ့ကြည့်လိုက်ပြီး ခြေထောက်ဖြင့် သုံးချက် ဆက်တိုက် ကန်လိုက်သည်။ လူငယ်မှာ အလုပ်ကြမ်း လုပ်နေသော အဖိုးအို၏ သန်မာသောခြေထောက်များဖြင့် အကန်ခံလိုက်ရသောကြောင့် အပြင်းအထန် နာကျင်သွားသည်။ သို့သော် အံကိုကြိတ်လိုက်ပြီး
လူငယ်။        ။ ကဲ ဒီတစ်ခါ ကျုပ်အလှည့်ပဲ။ ခင်များဘာပြောချင်သေးလဲ။
အဖိုးအိုက ပြုံးပြီး ပြန်ပြောလိုက်သည်မှာ
အဖိုးအို။       ။ အဖိုး အရှုံးပေးပါပြီ။ ဒီဘဲကို မင်းပဲ ယူပါတော့ကွယ်။

ပိုပို (Ace)
Jan 29, 2012.

No comments: