Wednesday, February 22, 2012

ရန်ကုန်တွင် ကမ္ဘာလှည့်ခရီးသွားများစိတ်ဝင်စားသော နေရာသစ်ထပ်တိုး

Photo
အောင်သူရ
ရန်ကုန်၊ ဖေဖော်ဝါရီ - ၁၆
အတွဲ (၁၀)၊ အမှတ်(၄၉)


ရန်ကုန်မြို့တွင် ကမ္ဘာလှည့်ခရီးသွားများအား ပြသရန်နေရာတစ်ခု ထပ်တိုးလာကြောင်း ခရီးသွားကုမ္ပဏီများမှ တာဝန်ရှိသူများနှင့် ဧည့်လမ်းညွှန်များက ပြောသည်။

“လာတဲ့လူတိုင်းက အန်တီစု (ဒေါ်အောင်ဆန်းစုကြည်)အိမ်ကို ကြည့်ချင်ကြတာ။တချို့ကသူ့ရဲ့ရုံးကိုပါကြည့်ချင်တဲ့လူတွေလည်းရှိတယ်”ဟုကျောက်တံတားမြို့နယ် အခြေစိုက်ခရီးသွားကုမ္ပဏီတစ်ခုမှ တာဝန်ရှိသူတစ်ဦးကပြောသည်။ဧည့်သည်များအနေဖြင့် ရန်ကုန်လေဆိပ်မှ မြို့ထဲအ၀င်နှင့် ကမ္ဘာအေးဘုရားသို့သွားသောအခါတွင် ဒေါ်အောင်ဆန်း စုကြည်အိမ်အနီးအရောက် အချို့မှာ ကားပေါ်မှဆင်း၍ ဓာတ်ပုံရိုက်သူများရှိကြောင်း ဂျာမန်ဧည့်လမ်းညွှန်တစ်ဦးကပြောသည်။



ထိုကဲ့သို့ သွားရောက် ကြည့်ချင်သူများမှာ ယခုနှစ်တွင် သိသိသာသာများလာပြီး ယာဉ်မောင်းများ ဧည့်လမ်းညွှန်များကလည်း ပေါ်ပေါ်တင်တင် ပြသရဲလာကြကြောင်း ခရီးသွားလုပ်ငန်းရှင်များကပြောသည်။ရန်ကုန်မြို့တွင် ရွှေတိဂုံစေတီတော်၊ ဆူးလေ၊ ကမ္ဘာအေး၊ ဗိုလ်တထောင်၊ တရုတ်တန်း၊ နန်းသီတာဆိပ်ကမ်း၊ ဆင်ဖြူတော်၊
ကန်တော်ကြီး၊ ငါးထပ်ကြီး၊ ခြောက်ထပ်ကြီးနှင့် ဗိုလ်ချုပ်ဈေးတို့ အပါအ၀င် ဒေါ်အောင်ဆန်းစုကြည်အိမ်နှင့် ရုံးတို့အား နှစ်ရက်ခရီးစဉ်အဖြစ် ပြသလေ့ရှိကြသည်။

၂၀၁၁-၂၀၁၂ ခရီးသွားရာသီမှစ၍ မြန်မာနိုင်ငံသို့ လာရောက်သော ဧည့်သည်တိုင်း ဒေါ်အောင်ဆန်းစုကြည်အိမ်ကိုကြည့်ရှုရန်တောင်းဆိုလာကြကြောင်း ခရီးသွားအသိုင်းအ၀ိုင်းကဆိုသည်။ နေအိမ်အကျယ်ချုပ်မှ လွတ်မြောက်လာပြီးနောက် ကမ္ဘာလှည့်ခရီးသွားများအား မြန်မာနိုင်ငံသို့ လာရောက်ရန် ဒေါ်
အောင်ဆန်းစုကြည်က ဖိတ်ခေါ်ခဲ့ပြီးနောက် ၂၀၁၁ ခုနှစ်တွင်ကမ္ဘာလှည့်ဧည့်သည်လေးသိန်းနီးပါး မြန်မာနိုင်ငံသို့ ၀င်ရောက်ခဲ့သည်။
7DayNews

No comments: