Wednesday, February 1, 2012

၂၀၁၀ အတွက် အကယ်ဒမီ ဗန်းကိုင်တွေရဲ့ အကြိုရင်ခုန်သံ

၂ဝ၁ဝအတွက် အကယ်ဒမီဗန်းကိုင်တွေကိုတော့ ရွေးချယ်လိုက်ပြီ ဖြစ်ပါတယ်။ အကယ်ဒမီဗန်းကိုင် ဖြစ်ဖို့ဆိုတာကလည်း သိပ်ပြီးတော့ လွယ်လှတာတော့ မဟုတ်ပါဘူး။ ဗန်းကိုင် ၈ ယောက်ကို လာရောက်လျှောက်ထားသူ အယောက် ၂ဝဝထဲကနေ ရွေးချယ်ခဲ့တာပဲ ဖြစ်ပါတယ်။ ဗန်းကိုင်ဖြစ်ခွင့် ရပြီဆိုတာနဲ့ အနုပညာလမ်းစက အထိုက် အလျောက်တော့ ပွင့်သွားခဲ့ပြီဖြစ်ပါတယ်။ ဒီလိုနဲ့ပဲ ပေါ်ပြူလာက ၂ဝ၁ဝအကယ်ဒမီအတွက် ဗန်းကိုင် ၈ ယောက်ရဲ့ အကြိုရင်ခုန်သံတွေကို အခုလို ဖော်ပြပေးလိုက်ပါ တယ်။


ယုသန္တာတင်
”ဗန်းကိုင်အဖြစ် အရွေးခံရတာပျော်ပါတယ်။ ကိုယ်တွေကျတော့ ရှိုးပွဲလည်း လျှောက်နေတော့ စင်နဲ့သိပ်မစိမ်းဘူး။ ဒါပေမဲ့ ကိုယ်က အခုလိုမျိုးစင်ကြီးပေါ်တော့ မတက်ဖူး ဘူးပေါ့နော်။ သူတို့ကလည်း သေချာသင်ပေးမယ်လို့ ပြောပါတယ်။ အခုလိုဗန်းကိုင်ဖြစ်လာတော့ ပရိသတ်က ကိုယ့်ကိုပိုပြီး သိသွားစေတာပေါ့။ သရုပ်ဆောင် တစ်ယောက် ဖြစ်တာနဲ့မတူဘူး။ အကယ်ဒမီဗန်းကိုင်ဆိုတာ တစ်သက်မှာတစ်ခါလောက်ပဲ ဒီလိုဖြစ်ခွင့်ရှိတာ။ စာရင်းဝင်ဇာတ်ကားတွေထဲမှာ “အာဒမ်ရယ်၊ ဧဝရယ်၊ ဒသရယ်” ဇာတ်ကားကို ကြိုက်တယ်။ ဗန်းကိုင်ဆိုပြီး အနုပညာရှင်ဖြစ်ချင်မှ ဖြစ်တာ။ ငယ်ငယ်တုန်းကကျတော့ အကယ်ဒမီပေးပွဲ ကြည့်ရင် ဗန်းကိုင်တွေကို အားကျခဲ့တာမျိုးတွေ ရှိခဲ့တယ်”။
သဲနော်ဇာ
”အကယ်ဒမီဗန်းကိုင်အတွက်ကို လျှောက်လွှာတင်တာ သုံးနှစ်ရှိပြီ။ ဒီနှစ်မှ ပါတာပါ။ သူတို့အကြောင်းပြန်လိုက်တဲ့ အချိန်မှာ တအားကိုပျော်သွားတယ်။ ဘာလို့လဲဆိုရင် အကယ်ဒမီဗန်းကိုင်ဖြစ်ချင်လို့၊ ဖြစ်ဖို့အတွက်ကို နှစ်တိုင်းလျှောက်ဖြစ်တယ်။ ဒီနှစ်ကတော့ ကံလည်းစပ်တဲ့အတွက် ပါသွားတာပါ။ အခုအကယ်ဒမီ ဗန်းကိုင်ဖြစ်သွားတဲ့ အတွက် အနုပညာအခွင့်အလမ်းတွေ ပိုပြီးတော့ပွင့်လာမယ်လို့ ထင်ပါတယ်။ ၃ ရက်နေ့ နေပြည်တော်ကို သွားရမှာဆိုတော့ အခုလောလောဆယ်ကို ကျန်းမာရေးကောင်း အောင်လို့ပဲ ကြိုတင်ပြင်ဆင်ထားတယ်။ အကယ်ဒမီဗန်းကိုင် တစ်ယောက်ဖြစ်လာတဲ့ အတွက်ကိုလည်း တအားဂုဏ်ယူမိပါတယ်။ ဒီနှစ်အကယ်ဒမီ စာရင်းဝင်တဲ့ဇာတ် ကားလေးတွေထဲမှာ အကြိုက်ဆုံးကားက ‘အာဒမ်ရယ်၊ ဧဝရယ်၊ ဒသရယ်’ ဇာတ်ကားကို အကြိုက်ဆုံးပါပဲ”။
ထိုက်ဆုဝင်း
”ရင်ခုန်မှုကတော့ ပြောမပြတတ်အောင် ဝမ်းသာပါတယ်။ မနှစ်ကလည်း လျှောက်လွှာတင်တယ်။ ဒီနှစ်လည်း လျှောက်လွှာတင်တယ်။ အဆင့်ဆင့် ရွေးချယ်လာပြီးတော့မှ နောက်ဆုံးအနေနဲ့ ရွေးချယ်ခံရတာပါ။ ပွဲနီးလာလေ ပိုပြီးရင်ခုန်လာလေပါပဲ။ မနှစ်ကလည်း ဆန်ခါတင်စာရင်းအထိ ရွေးချယ်ခံရပါတယ်။ လူကြီးတွေဦးဆောင်ပြီးတော့ ရီဟာဇယ်တွေ အကြိမ်ကြိမ် လုပ်ကြမယ်ဆိုတော့ အမှားအယွင်းတော့ ဖြစ်မယ်မထင်ပါဘူး။ အခု အကယ်ဒမီဗန်းကိုင် ဖြစ်သွားပြီဆိုတော့ ပရိသတ်ရဲ့အာရုံစူးစိုက် မှုတစ်ခုကို ရသွားပြီပေါ့။ အကယ်ဒမီစာရင်းဝင် ဇာတ်ကားတွေ အားလုံးကကောင်းပါတယ်။ အကယ်ဒမီဆုကိုလည်း အားလုံးကို ရစေချင်ပါတယ်”။
ဝင်းလဲ့နု
”လျှောက်လွှာတင်တဲ့လူက ၂ဝဝ နီးပါး ရှိတယ်။ ကိုယ်ကလည်းပါချင်လို့ပဲ တင်ခဲ့တာ ပါ။ မမျှော်လင့်ထားဘဲပါတော့ တအားဝမ်းသာပါတယ်။ လျှောက်လွှာတင်တော့ အဘွား ကလည်းတိုက်တွန်းတယ်။ မျိုးရိုးလည်းရှိတာပဲ တင်ကြည့်ပါလားဆိုပြီး တိုက်တွန်းတယ်။ ဘွားဘွားကတော့ အကယ်ဒမီများရှင် ဒေါ်မြင့်မြင့်ခင်ပါ။ အန်တီမေဆွိ ရဲ့တူမပါ။ အရင်ကတော့ အနုပညာအလုပ်အနေနဲ့တော့ ဖေဖေတို့ တာဝန်ကျတဲ့နေရာတွေက အမျိုးသမီးရေးရာရှိုးပွဲတွေတော့ လျှောက်ဖြစ်တယ်။ ပြီးတော့ မဂ္ဂဇင်းတို့ ဘာတို့အတွက် ဓာတ်ပုံတွေတော့ နည်းနည်းပါးပါးရိုက်ဖူးတယ်။ ခုလိုဗန်းကိုင်ဖြစ်ခွင့်ရတော့ အနုပညာလမ်းစ ပိုပွင့်တယ်လို့ ထင်မိပါတယ်။ အခု အကယ်ဒမီစာရင်းဝင် ကားထဲမှာတော့ ‘အမေ့ကျေးဇူး ဆပ်ဖူးချင်တယ်’နဲ့ ‘အာဒမ်ရယ်၊ ဧဝရယ်၊ ဒသရယ်’ ကို ကြိုက်တယ်”။
သဲစုနိုင်(MDY)
”ခုလိုမမျှော်လင့်ဘဲ အရွေးခံရတဲ့အတွက် ဝမ်းသာတယ်။ လျှောက်လွှာတင်တုန်းကလည်း ရမယ်လို့မထင်ဘဲ တင်လိုက်တာပါ။ အရင်တော့ ရှိုးတွေ ဘာတွေလျှောက်ဖူး တယ်။ ဒီနှစ်မှရတာပေါ့။ ခုလိုဗန်းကိုင်ဖြစ် ခွင့်ရတော့အရင်ကထက် အနုပညာလမ်းကြောင်း ပိုပွင့်လာတယ်လို့ ထင်မိပါတယ်။ဒီနှစ် အကယ်ဒမီစာရင်းဝင် ကားထဲမှာတော့ ‘အာဒမ်ရယ်၊ ဧဝရယ်၊ ဒသရယ်’ကားကို ကြိုက်ပါတယ်”။
ခင်ရတနာစိုး
”ဗန်းကိုင်လျှောက်လွှာကို ဒီနှစ်မှ စတင်တာပါ။ ဒီနှစ်ပဲအရွေးခံခဲ့ရတယ်။ ဗန်းကိုင် ဖြစ်ခွင့်ရပြီဆိုတော့ အနုပညာလမ်းစလေးတော့ ရှိလာတာပေါ့နော်။ ဒါပေမဲ့ ကိုယ့် ကြိုးစားမှုက အဓိကဆိုတော့ တအားကြီးလမ်းစ ပွင့်သွားတယ်လို့တော့ မပြောနိုင်ဘူးပေါ့။ အကယ်ဒမီစာရင်းဝင် ဇာတ်ကားတွေအကုန်လုံးတော့ ကြိုက်ပါတယ်။ အားလုံး က သူ့နေ ရာနဲ့သူကောင်း နေတော့လေ။ သမီးက ၁ဝ တန်းပြီးမှ အနုပညာအလုပ် စလုပ်တာဆိုတော့ ဒီနှစ်မှစပြီး စိတ်ကူးယဉ်ပြီး အကောင်အထည် ဖော်လိုက်တာပါ။ အရင်တုန်းကတော့ ဗန်းကိုင်ဖြစ်ချင်တဲ့ စိတ်ကူးမရှိခဲ့ပါဘူး”။
ထက်မိုးမြတ်ဦး
”အကယ်ဒမီ ပေးပွဲတွေကြည့်တော့ အကယ်ဒမီဗန်းကိုင်ဖြစ်ချင်တယ်။ အကယ်ဒမီ ဗန်းကိုင်ဖြစ်သွားပြီဆိုရင် တစ်နိုင်ငံလုံးရဲ့ Imageတစ်ခုဖြစ်သွားတဲ့ အတွက်ကြောင့် အနုပညာလမ်းစလည်း ပွင့်သွားတယ်။ အရင်ကတည်းက မက်ခဲ့တဲ့ အိပ်မက်လေးလည်း ဖြစ်တော့ အတိုင်းမသိ ဝမ်းသာမိပါတယ်။ ကာယအလှမယ်အပိုင်းမှာတော့ ဆရာမ နွယ်နီဝင်းနှင့် ဖြူဖြူခိုင်ပါ။ မော်ဒယ်ပိုင်းမှာတော့ ဦးဂျွန်လွင်ပါ။ မယ်ပြိုင်ပွဲတွေဝင် ပြိုင်ခဲ့ပြီး ဆုတွေလည်း ရရှိခဲ့ပါတယ်။ အနုပညာသမားတွေရဲ့ အမြင့်ဆုံးမှတ် တိုင်ဖြစ်တဲ့ အကယ်ဒမီဆုပေးပွဲကြီးမှာ ဆုရရှိတဲ့သူတွေကို ဗန်းကိုင်ပေးရတာ ဂုဏ်ယူမိပါတယ်။ အကယ်ဒမီ ဗန်းကိုင်ဆိုတာ အသစ်တစ်ယောက် အနေနဲ့ စတင်ရသလို ဖြစ်တဲ့အတွက်ကြောင့် အမှားအယွင်းမရှိအောင် ရီဟာဇယ်စလုပ် ကတည်းက သေချာနာခံပြီး လုပ်မယ်၊ ကြိုးစားမယ်လို့ ဆုံးဖြတ်ထားပါတယ်”။
အိနြေ္ဒဘုန်းမြင့်
”အရင်နှစ်တွေကတော့ လျှောက်လွှာမတင်ဖူးဘူး။ ဒီနှစ်မှ ပထမဦးဆုံးတင်ဖြစ်တာပါ။ ပထမဦးဆုံး တင်တဲ့အချိန်မှာပဲ လူအရေအတွက် ရာကျော်လောက်ထဲက ရွေးချယ် ခံပြီး ပါဝင်ခွင့်ရတယ်ဆိုတော့ မယုံကြည်နိုင်လောက်အောင် အတိုင်းမသိ ဝမ်းသာခဲ့ရတယ်။ အကယ်ဒမီ ဗန်းကိုင်ပြီးသွားတာနဲ့ အနုပညာအလုပ်တွေကို အဆက်မပြတ် အောင် ဆက်ပြီး လုပ်ကိုင်သွားမှာပါ။ ဒီနှစ် အကယ်ဒမီစာရင်းဝင်တဲ့ ဇာတ်ကားလေးတွေကိုလည်း ကြည့်ဖြစ်တယ်။ “အာဒမ်ရယ်၊ ဧဝရယ်၊ ဒသရယ်”ဇာတ်ကားကို သိပ်ကြိုက်တယ်။ အဓိကကတော့ သရုပ်ဆောင်ကောင်းတစ်ယောက် ဖြစ်ချင်တယ်”။
ရဲရဲ၊  ဝဿန်၊  ခိုင်ဝေလွင်၊  ထက်လူလူ
ပေါ်ပျူလာဂျာနယ်

No comments: