Tuesday, May 1, 2012

သေရွာပြန်ခဲ့သော်လည်း နောင်တနှင့်လူ

သေရွာပြန်ခဲ့သော်လည်း နောင်တနှင့်လူ

Photo
မြေပုံမြို့နယ်၊ ပြင်ဝန်းရွာမှ ကိုမြင့်မောင်လွင် တစ်ယောက် ဂီရိ မုန်တိုင်းမလာခင် ညအိပ်မက်ကို ပြန်သတိရနေသည်။ ရွာမှ လူများက အရူးဟု ပြောခံရမည်စိုး၍ သူ စွန့်စားမှုတစ်ခု မလုပ်မိခဲ့ခြင်းအတွက်လည်း နောင်တရနေ၏။

“အော်ရင် ကောင်းမလားဆိုပြီး ကိုယ့်ဟာကိုယ်စဉ်းစားသေးတယ်။ လေစတိုက်တုန်းကလည်းအော်ဖို့ စဉ်းစားသေးတယ်။ အော်ရင် ယုံမယ်မထင်လို့၊ အရူးလို့ပြောခံရမှာစိုးလို့””ဟု အသက် ၃၆နှစ်အရွယ် ကိုမောင်မြင့်လွင်ကအောက်တိုဘာ ၂၇ရက် ညပိုင်းကပြောသည်။
အပေါ်နှင့်အောက် အဖြူရောင်ဝတ်ထားသော ပုဂ္ဂိုလ်ကြီးတစ်ယောက်က ဘင်္ဂလားပင်လယ်အော်မှ သူရှိရာကမ်းခြေသို့ တက်လာသည်။ သို့သော် ထိုပုဂ္ဂိုလ်၏မျက်နှာကိုမူ သဲကွဲစွာ မမြင်ရ။ ““လေကြီးဖို့၊ ရေကြီးဖို့ရှိတယ်။ ပိုက်ဆိပ် (ငါးဖမ်းလုပ်ငန်းများ စုပေါင်းနေထိုင်သောနေရာ)မှာဆင်းအော်””ဟု ပြောလေသည်။ ဂီရိဆိုင်ကလုန်းမုန်တိုင်းမလာမီ တစ်ရက်အလို အောက်တိုဘာ ၂၁ ရက်ည၁၀ နာရီခန့်က ကိုမောင်မြင့်လွင်မြင်မက်ခဲ့သောအိပ်မက်ကို ပြန်ပြောနေခြင်းပင်။ ထိုအိပ်မက်ကြောင့် အိပ်ရာမှ သူလန့်နိုးပြီးစက်လှေပေါ်ရှိ သူ၏သူငယ်ချင်းများကို အိပ်မက်အကြောင်းချက်ချင်းပြောသည်။ သို့သော်သူ့စကားအား အလေးအနက်ထားသူမရှိ မည်သူကမျှ မယုံ။
ထို့ကြောင့် အိပ်မက်ထဲက ပုဂ္ဂိုလ်မှာကြားသကဲ့သို့ ရွာထဲအော်ပြေးရန် သူတွန့်သွားသည်။ ထိုတွန့်ဆုတ်ခဲ့မှုက သူ့ကို ယခုနောင်တရစေခဲ့ပြီဟု သူက ဖွင့်ဟသည်။
ကိုမောင်မြင့်လွင်မှာ မြောက်ဦးမြို့နယ်၊ ဆင်းပေါ်ကိုင်းရွာဇာတိဖြစ်ပြီး၊ ပြင်ဝန်းရွာတွင် လာရောက်အလုပ်လုပ်နေခြင်းဖြစ်သည်။ သားသမီးငါးဦးရှိ၍ မိသားစုဝင်ခုနစ်ဦးရှိသော အိမ်ထောင်ဦးစီးတာဝန်ကို ငါးဖမ်းစက်လှေတွင်အလုပ်လုပ်ရင်း ဖြေရှင်းနေသူ။ တံငါသည်အဖြစ် အသက်မွေးသော်လည်း ဘာသာရေးကိုင်းရှိုင်းသူတစ်ယောက်လည်းဖြစ်သည်။ ထို့ကြောင့် ညစဉ် ၀တ်ပြုခြင်းအမှုကိုအမြဲလုပ်ဖြစ်ကြောင်း သူ၏မိတ်ဆွေများကထောက်ခံသည်။
ဂီရိ ဆိုင်ကလုန်း မုန်တိုင်း ကြောင့် သူနှင့်အတူတူ အလုပ်လုပ်သော သူ၏မိတ်ဆွေသုံးဦး သေဆုံးခဲ့သော်လည်း လှိုင်းလုံးကြီးများကြား အသက်ရှင်ကျန်ရစ်ခြင်းမှာ ကံတရားဖေးမမှုကြောင့်ဟု သူယုံကြည်နေသည်။ ကိုမောင်မြင့်လွင်အပါအ၀င် သူငယ်ချင်းခုနစ်ဦးမှာ စက်လှေလေးစီးမပျက်စီးအောင် စောင့်ရန် ဘင်္ဂလားပင်လယ်အော်အတွင်းရှိ ပြင်ဝန်းရွာအရှေ့တောင်ဘက်မှ မီးလှချောင်သို့ အောက်တိုဘာ ၂၂ရက် ညနေပိုင်းတွင်သွားခဲ့သည်။ ဂီရိမုန်တိုင်းမှာ ညမှောင်လာသည်နှင့်အမျှပိုအားကြီးလာသည်တွင် စက်လှေများ လှိုင်းလုံးများအောက်ရောက်သွားသည်။ လှိုင်းဒဏ်နှင့်လေဒဏ်ကြောင့် ဆောက်တည်ရာမဲ့ဖြစ်နေသောလှေပေါ်မှ နောက်ဆုံး အသက်လုရန် ည ၁၁ ကျော်၌ ရေထဲခုန်ဆင်းပြေးရသည်။
မဲမဲမှောင်နေသော ညလယ်လှိုင်းလုံးများကြား အားကုန်ရုန်းသော်လည်း ပေါ်လိုက်၊ မြုပ်လိုက်ဖြစ်နေသောသူ့ကို ကယ်လိုက်သည်မှာ စက်လှေတစ်စီး၏ကိုယ်ထည်ပျဉ်ပြားတစ်ချပ်ဖြစ်သည်။ လှိုင်းလုံးကြားမှ ရသောလှေပျက်တစ်စီးမှ ပျဉ်ပြားချပ်ကို လက်လွှတ်မခံဘဲ လှိုင်းလုံးများကြား သုံးနာရီကျော်ကြာ အသက်လုတိုက်ပွဲဆင်နွှဲခဲ့ရသည်။ နောက်ဆုံးကမ်းခြေတစ်ခုမြင်၍ အားကုန်ကူးခပ်ခဲ့ရာ ရွာနှင့်အနည်းငယ်ဝေးသောကျွန်းသနီကျွန်းပေါ်သို့ ရောက်ရှိကာ အသက်ဆက်နိုင်ခဲ့၏။
သူက ကံတရားနှင့် ဇွဲတို့ကြောင့် သေဘေးမှ လွတ်ခဲ့သော်လည်း အရင်းနှီးဆုံး သူငယ်ချင်းနှစ်ဦးနှင့် ယောက်ဖတစ်ဦး သေဆုံးခဲ့ခြင်းအတွက် သူ ယူကျုံးမရဖြစ်နေသည်။ ““ညညဆို စဉ်းစားရင်းစဉ်းစားရင်း အိပ်မပျော်ဘူး။ ယူကျုံးမရဖြစ်တာ။ သူငယ်ချင်းတွေနဲ့ အရင်လုပ်ခဲ့၊ ကိုင်ခဲ့တာ တွေပြန်စဉ်းစားရင်းနဲ့””ဟု ကိုမောင်မြင့်လွင်က သူ၏သောကကိုပြောသည်။ သေဆုံးခဲ့သောသူငယ်ချင်းနှစ်ဦးတွင် တစ်ဦးမှာ မွေးဇာတိအတူ၊ ပြင်ဝန်းရွာသို့ အတူတူလာလုပ်သော ကိုမောင်မောင်လည်းပါသည်။ ကိုမောင်မောင်၏ဇနီးမဦးမြသန်းတစ်ယောက် ကိုယ်ဝန်နှင့်ကျန်ခဲ့သည်ကို မြင်တွေ့ရရာတွင်သူ ပိုစိတ်မကောင်းဖြစ်နေသည်။
အရူးဟု အပြောခံရမည်ကို မကြောက်ဘဲ အိပ်မက်ထဲက ပုဂ္ဂိုလ်ပြောခိုင်းသည့်အတိုင်း ရွာထဲလိုက်အော်ခဲ့လျှင် သူ့သူငယ်ချင်းများနှင့် ရွာသားများကို ကယ်တင်နိုင်လိမ့်မည်ဟု အတွေးကခေါင်းထဲ အလိုလိုရောက်လာသည်။ ဂီရိကြောင့် ပြင်ဝန်းရွာ တစ်ရွာတည်းမှာပင် လူသုံးဆယ်ကျော်သေဆုံးခဲ့သည်။ ပင်လယ်ထဲနေ၍ ရေကူးကျွမ်းကျင်လှသည်ဆိုသော်လည်း ဂီရီကပေးသည့် သင်ခန်းစာအရ စက်လှေတိုင်း အသက်ကယ်အင်္ကျီနှင့် ရေဘူးဆောင်ထားသင့်သည် ဟု သူအကြံပြုသည်။ အလုပ်အကိုင် မဆိုးသော်လည်း မုန်တိုင်းကိုကြောက်၍ ရွာပြန်ရန် သူစဉ်းစားနေပြီ။ အရင်တုန်းကတော့ မုန်တိုင်းကိုမကြောက်ဘူး။ အခုတော့ကြောက်သွားပြီ။ ။

No comments: