သတင်း မီဒီယာများ၏ စာမျက်နှာ ထက်တွင်
ဖော်ပြခြင်း ခံနေရသူ ကျော်ကိုကိုအား သတင်းများ အပေါ် သာယာ မနေဘဲ မိမိကိုယ်
မိမိ အကောင်းဆုံး ခြေစွမ်းပြ နိုင်ရန်သာ အာရုံ စူးစိုက်ထားရန် သတိပေး
ပြောကြားခဲ့သည်။
ယနေ့ ညနေပိုင်းက သုဝဏ္ဏ လူငယ် လေ့ကျင့်ရေး ကွင်း (၁)တွင် ပြုလုပ်ခဲ့သည့် ယူ-၂၁ အသင်း၏ လေ့ကျင့်ရေး ကွင်းသို့ ရောက်ရှိလာသည့် ဘောလုံး အဖွဲ့ချုပ်၏ ဥက္ကဋ္ဌ ဦးဇော်ဇော်က ယူ-၂၁ လက်ရွေးစင် တိုက်စစ်မှူး ကျော်ကိုကိုအား ယခုကဲ့သို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။ "ကျော်ကိုကို အနေနဲ့ လက်ရှိ သတင်းတွေမှာ ချီးကျူး ရေးသား ခံနေရတဲ့ အပေါ် ကျေနပ် မနေစေချင်ပါဘူး။ ကျေနပ်တာက ကျေနပ်လို့ ရပါတယ်။ ဒါပေမဲ့ ကိုယ့်ထက်ကောင်းတဲ့ ကစားသမား ထောင်နဲ့ သောင်းနဲ့ ချီပြီး ရှိနေသေးတယ် ဆိုတာ မမေ့ စေချင်ပါဘူး။ ကိုယ့်ထက် ကောင်းတဲ့ သူတွေကို ကြည့်ရမယ်။ အပေါ်ကို ကြည့်ပြီးတော့ ဆက်ကြိုးစား စေချင်ပါတယ်" ဟု ဦးဇော်ဇော်က ကစားသမား များအား အမှာစကား ပြောကြားရင်း ထည့်သွင်း ပြောကြားခဲ့သည်။
"ကိုယ့်ထက်ကောင်းတဲ့ ကစားသမား ထောင်နဲ့ သောင်းနဲ့ ချီပြီး ရှိနေသေးတယ် ဆိုတာ မမေ့ စေချင်ပါဘူး။ ကိုယ့်ထက် ကောင်းတဲ့ သူတွေကို ကြည့်ရမယ်။ အပေါ်ကို ကြည့်ပြီးတော့ ဆက်ကြိုးစား စေချင်ပါတယ်..."
ထို့အတူ ဦးဇော်ဇော်က ယူ-၂၁ ကစားသမား များအနေဖြင့် ဘရူနိုင်း ဖိတ်ခေါ် ဖလားပွဲတွင် အောင်မြင်မှု တစ်စုံတစ်ရာ ရရှိစေရန် ကြိုးစားရမည် ဖြစ်ကြောင်း၊ ယခုအသင်းအား လာမည့် ဆီးဂိမ်းစ် အတွက် ရည်ရွယ်ထားခြင်း ဖြစ်၍ နေရာ တစ်နေရာ သေချာရန် ကစားသမား များအနေဖြင့် ကြိုးစား အားထုတ်ရမည် ဖြစ်ကြောင်း၊ အကယ်၍ ကြိုးစား အားထုတ်မှု မကောင်းပါက မိမိတို့၏ နေရာအား လုယူမည့် ကစားသမားများ နောက်တွင် အဆင်သင့် ရှိနေသည်အား မမေ့စေလို ပါကြောင်း ပြောကြားခဲ့သည်။
ဦးဇော်ဇော်သည် ယနေ့ ညနေပိုင်း၌ ယူ-၂၁ အသင်း၏ လေ့ကျင့်ရေး အပြင် မြန်မာ့ လက်ရွေးစင် အမျိုးသမီး အသင်း၏ လေ့ကျင့်ရေး သို့လည်း သွားရောက် ကြည့်ရှုခဲ့သည်။ ယူ-၂၁ လက်ရွေးစင် အသင်းသည် လက်ရွေးစင် အသင်းကြီး နည်းပြချုပ် ပတ်ဆောင်ဟွာ ကိုင်တွယ် နေခြင်းဖြစ်ကာ တစ်ပတ်လျှင် တစ်ကြိမ် လေ့ကျင့်မှုများ ပြုလုပ်လျှက် ရှိသည်။

No comments:
Post a Comment