Wednesday, April 25, 2012

ဗိုလ်ချုပ်အောင်ဆန်း အတ္ထုပ္ပတ္တိ ရုပ်ရှင်ဇာတ်ညွှန်းကို The Help ဇာတ်ကား၏ ဇာတ်ညွှန်းနှင့် ဒါရိုက်တာ ၀ိန်းစတိန်းနှင့်အဖွဲ့မှ လာရောက်စစ်ဆေးပေးမည်

 
ဗိုလ်ချုပ်အောင်ဆန်း အတ္ထုပ္ပတ္တိ ရုပ်ရှင်ဇာတ်ကားအတွက် ရေးသားထားသည့် ဇာတ်ညွှန်းကို ဟောလိဝုဒ်မှ ဇာတ်ညွှန်းနှင့် ဒါရိုက်တာဖြစ်သူ ၀ိန်းစတိန်းနှင့်အဖွဲ့မှ လာရောက်စစ်ဆေးပေးမည် ဖြစ်ကြောင်း သိရသည်။
“ဗိုလ်ချုပ်အောင်ဆန်း အတ္ထုပ္ပတ္တိ ရုပ်ရှင်ဇာတ်ကားအတွက် အမေရိကားကို သွားခဲ့တုန်းက ဒီရုပ်ရှင်ဖြစ် မြောက်ရေးအတွက်ကူညီချင်တဲ့ အနု ပညာရှင်တွေနဲ့တွေ့ခဲ့ရပါတယ်။ သူ တို့က ဒီနှစ်အော်စကာဆုရရှိခဲ့တဲ့ The Artist ဇာတ်ကားရဲ့ ဒါရိုက်တာဖြစ်တဲ့ Michel Hazanavicius ? Schindler's List ဇာတ်ကားရဲ့ ထုတ်လုပ်သူနဲ့ ဒါရိုက်တာဖြစ်တဲ့ Steven Spielberg နဲ့ The Help ဇာတ်ကား ရဲ့ ဇာတ်ညွှန်းနဲ့ ဒါရိုက်တာဝိန်းစတိန်းတို့ အပြင် အိုင်းရစ်အနုပညာ အဖွဲ့နဲ့လည်း တွေ့ခဲ့ပါတယ်။ အဲဒီအဖွဲ့တွေနဲ့ စကားပြောခဲ့ပြီး ဇာတ်ညွှန်းပိုင်းကို ၀ိန်းစတိန်းနဲ့အဖွဲ့ဆီက အကူအညီရရှိခဲ့တာပါ။
ကျွန်တော်တို့ဆီမှာ ဇာတ်ညွှန်းကို ပြန်လှန် စိစစ်ဝေဖန်ပေးတာမျိုး မရှိပေမယ့် သူတို့ဆီမှာတော့ အဲဒီအတွက် သီးသန့်လုပ်ဆောင်ပေးတဲ့ ပညာရှင်တွေရှိသလို ဇာတ်ကားရိုက်ကူးတိုင်းလည်း လုပ်ဆောင်ကြတယ်။ ဗိုလ်ချုပ်ဇာတ်ကားမှာ ဇာတ်ညွှန်းပိုင်းဆိုင်ရာ လိုအပ်ချက်တွေကို ဝေဖန်ထောက်ပြ ပေးဖို့အတွက် ၀ိန်းစတိန်းနဲ့အဖွဲ့က ဆောင်ရွက်ပေးမှာပါ” ဟု ဗိုလ်ချုပ်အောင်ဆန်း အတ္ထုပ္ပတ္တိ ရုပ်ရှင်ဖြစ်မြောက်ရေးအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးဖြစ်သည့် ဦးသူရက ဆိုပါသည်။
ဗိုလ်ချုပ်အောင်ဆန်း အတ္ထု ပ္ပတ္တိ ရုပ်ရှင်ဇာတ်ကားအတွက် ဇာတ်ညွှန်းရေးဆွဲရန် သမိုင်းပညာရှင်များနှင့် ဗိုလ်ချုပ်ရုပ်ရှင် ဇာတ်ကားဇာတ်ညွှန်း အဖွဲ့တို့ ပထမအကြိမ် တွေ့ဆုံဆွေးနွေးမှုကို ဧပြီလ ၅ ရက်နေ့က ပြုလုပ်ခဲ့သည်။

No comments: