Wednesday, February 1, 2012

ကျွန်စိတ်ပျောက်ဖို့လိုသည် (လူထုစိန်ဝင်း)




ငါးပိအင်္ဂလိပ်နဲ့ပြောတာ ဘာဖြစ်လဲ

အိမ်ထဲက အိမ်ပြင်မထွက်နိုင်တဲ့ ဒုက္ခိတ တယောက်အဖို့
ကျောင်းသားတွေနဲ့ နေရတာ တော်တော် အဆင်ပြေတာပါ။ တနေ့လုံး သူတို့ကို
စာသင်ပေးလိုက်၊ စကားပြောလိုက်နဲ့ ပျင်းဖို့တောင်
အချိန်မပေးနိုင်တော့ပါဘူး။ နောက်ပြီးတော့ ကျောင်းသားတွေဟာ
သတင်းထောက်ကောင်းတွေ ဖြစ်တယ်။ တမြို့လုံး နေရာအနှံ့ ဘယ်မှာ ကားတိုက်တယ်၊
ဘယ်မှာ မီးလောင်တယ် ဆိုတာမျိုးတွေကို သူများတွေထက်ဦးပြီး အမြဲသိနေရတယ်။
ကျောင်းသူ ကျောင်းသားတွေ မရှိတော့ နားပင်းသွား သလို ဖြစ်သွားတယ်။
ကျောင်းသူ ကျောင်းသားတွေ ကလည်း အမြဲမပြတ် လာလာပြီးတော့ မဖွင့်သေးဘူးလား၊
မဖွင့်သေးဘူးလားနဲ့ မေးနေကြလေတော့ ကျောင်းပြန်ဖွင့်ပြီး စာပြန်သင်ချင်တယ်။
ဒါပေမယ်လို့ ဆရာဝန်တွေက နှလုံးရောဂါ၊ အဆုတ်ပါမကောင်းတာကြောင့် စာမသင်
စေချင်ဘူး။ အောက်ဆီဂျင် ပိုက်တန်းလန်း တပ်ထားရတာကိုလည်း မဖြုတ်စေချင်ဘူး။
လူနာ ဖြစ်တော့လည်း ဆရာဝန့်စကား နားမထောင်ချင်လို့ ဘယ်ဖြစ်တော့မှာလဲ။
ကျောင်းသူ ကျောင်းသားများ အဖို့လည်း စကားပြော လေ့ကျင့်စရာ နေရာလေး ပျောက်
သွားရတာဆိုတော့ စိတ်မကောင်းကြဘူး။ အဲဒါကြောင့် အမြဲမပြတ်လာပြီး နားပူကြတယ်။


ရန်ကုန်မြို့မှာ
စကားပြောသင်တန်းကောင်းတွေ အများကြီးရှိပါတယ်။ အသင်ကောင်း၊ အပြကောင်း၊
ဆရာကောင်းတွေလည်း မနည်းလှပါဘူး။ ဒါပေမယ့် အချိန်ဇယားမရှိ၊
ပြဌာန်းသတ်မှတ်တဲ့ စာအုပ်မရှိ၊ လာချင်တဲ့အချိန်လာ၊ ပြန်ချင်တဲ့အချိန်ပြန်၊
တက်ချင် သလောက်တက်၊ အင်္ဂလိပ်စကားပြောရင် ပြောချင်တဲ့စကားပြော၊
ကျောင်းသားတခါဖြစ်ပြီးရင် (၅) နှစ်တက်တက်၊ (၁၀) နှစ်တက်တက်၊
ကြိုက်သလောက်တက် ဆိုတာမျိုးကျတော့ ဘယ်မှာမှ ရှာလို့မတွေ့ကြဘူးလေ။
အဲဒါကြောင့် ကျောင်းလေးကို ပြန်ဖွင့်ထားချင်တယ်။ ခက်တာက မကောင်းတော့တဲ့
နှလုံးနဲ့ အဆုတ်။ ဒဏ်တွေကလည်း များခဲ့ပေတာကိုး။

မြန်မာ
လူငယ်လေးတွေရဲ့ ဥာဏ်ရည်ဥာဏ်သွေးဟာ မနိမ့်လှပါဘူး။ အင်္ဂလိပ်စာ၊ အင်္ဂလိပ်
စကားပြော သပ်သပ်ပြောမယ်ဆိုရင် အာရှတိုက်မှာ အိန္ဒိယသားတွေကလွဲရင် ဘယ်သူမှ
ကြောက်စရာ မလိုပါဘူး။ လူမျိုး တမျိုးလုံးကို ခြုံပြောတာပါ။
တဦးချင်းယှဉ်လို့ သူတို့က သာမျိုးတွေတော့ ရှိတာပေါ့။ မြန်မာလူငယ်တွေ
အသံထွက်မှန်အောင် သင်လို့မရဘူး ဆိုတာ မရှိပါဘူး။ မြန်မာစကား သိပ်မပီတဲ့
ရှမ်းပအို့ဝ် ဦးပဉ္ဇင်းလေးတွေတောင် အင်္ဂလိပ်စကား ကျတော့ ပီပီသသ
ပြောနိုင်ရွတ်နိုင်ကြတာပါ။
အင်္ဂလိပ်စာ သိပ်ကောင်းတဲ့ အိန္ဒိယသား တွေကလည်း
"ဗဲရီးဂွတ်" ကို ပျောက်အောင် မဖျောက်နိုင်ကြပါဘူး။ အင်္ဂလိပ်စာနဲ့
ဘွဲ့ယူထားတဲ့ ဂျပန်တယောက်ကို Thank You တို့၊ Thirty တို့လို အသံမျိုး
ပီသအောင် ရွတ်ခိုင်းဖို့ အတော်ခက်ပါတယ်။ ဆရာရှေ့မှာ ပီနေပေမယ်လို့ ကွယ်ရာ
ရောက်သွားတာနဲ့ "ဆိုင်းကျူး" "ဆာတီး" လို့ အသံထွက်လာတာပါပဲ။ အင်္ဂလိပ်စာ
တတ်တယ်လို့ ဝင့်ဝါမောက်မာတတ်တဲ့ စင်ကာပူတရုတ်တွေရဲ့ "စင်းဂလိပ်" စကားကို
အင်္ဂလိပ်တွေ၊ အမေရိကန်တွေ နားမလည်ကြလို့ အင်္ဂလိပ် စကားစစ်စစ် ပြောတတ်အောင်
ကြိုးစားရမယ်လို့ လွန်ခဲ့တဲ့ လေးငါးခြောက်နှစ်က ဝန်ကြီးချုပ်
လီကွမ်ယုကတောင် သတိပေးခဲ့သေးတာလေ။


မြန်မာတွေ မညံ့ပါဘူး။ အင်္ဂလိပ်
စကားပြောတဲ့ အလေ့အကျင့် မရှိလို့သာ နှုတ်ဆွံ့နေတာပါ။ မပြောမဖြစ် ပြောကို
ပြောရမယ့် အခြေအနေမျိုးကြုံရင် တဖက်သား ကောင်းကောင်း နားလည်အောင်
ပြောနိုင်စွမ်း ကြပါတယ်။ နှုတ်ဆွံ့တာ ပျောက်သွားရင်
ပြောတတ်ဆိုတတ်ဖြစ်လာကြတာပါပဲ။ နှုတ်ဆွံ့တာ ပျောက်အောင် အလေ့အကျင့်
များများလုပ်ဖို့ လိုတယ်။ ပြီးတော့ နိုင်ငံခြားသားရှေ့မှာ သိမ်ငယ်စိတ်
ဖြစ်တာကို ဖျောက်ပစ်ရမယ်။

နိုင်ငံခြားသား တယောက် မြန်မာစကား မပီကလာ
ပီကလာ ပြောနေတာတွေ့ရင် ပျက်ရယ်ပြု ရှုတ်ချပစ် လိုက် ပါသလား။ မပြုတဲ့အပြင်
မြန်မာစကား ကြိုးစားပြောနေတာကို သဘောတောင် ကျမိတယ် မဟုတ်လား။
နိုင်ငံခြားသားတွေလည်း အလားတူပါပဲ။ နိုင်ငံခြားသားတယောက်က သူတို့
ဘာသာစကားကို ကြိုးစား ပြောနေတာတွေ့ရင် သဘောကျ ကျေနပ်ကြတာပါပဲ။ ကိုယ့်ဘာသာ စကားမှ မဟုတ်တာပဲ။ မိခင်ဘာသာစကားလို ဘယ်ပီပါ့မလဲ။

ကုလသမဂ္ဂ
အတွင်းရေးမှူးချုပ်ကြီး ကိုဖီအာနန် မိန့်ခွန်းပြောတာ ကြားဖူးကြမှာပါ။
စကားလုံး အသုံးအနှုန်းတွေက ခန့်ညာလှပပြီး အဆင့်မြင့်ပါပေတယ်။ ဒါပေမယ့်
လေသံက တော့ "အဖရို" (Afro) လေသံပါပဲ။ အမေရိကန် လေသံမပေါက်ပါဘူး။ "အဖရို"
လေသံမို့ နားမလည်ဘူး မရှိပါဘူး။ အမေရိကန် သမ္မတရော၊ အင်္ဂလိပ်
ဝန်ကြီးချုပ်ရော၊ ပြင်သစ် သမ္မတ နဲ့ ရုရှ ခေါင်းဆောင်ကြီးရော
နားလည်ကြပါတယ်။ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် လုပ်နေပြီး အင်္ဂလိပ်စကားကို
"အဖရို" လေသံနဲ့ ပြောရကောင်းလားလို့ အပြစ်မတင်ပါဘူး။ အာဖရိကသားက "အဖရို"
ပဲ လေသံထွက်မှာပေါ့လို့ နားလည်ကြပါတယ်။ ဂျာမန် ဝန်ကြီးချုပ် ပြောတဲ့
အင်္ဂလိပ်စကားသံက ဂျာမန်သံသြသြကြီး ထွက်တာပါပဲ။ အဲဒီတော့ ငပိစားတဲ့ မြန်မာဟာ
ငါးပိအင်္ဂလိပ်စကားပြောတာ ဘာရှက်စရာ ရှိသလဲ။ အသံမှန်မှန် ထွက်တတ်လို့
သူတပါး နားလည်ရင် ပြီးရောမဟုတ်လား။ ဘိုသံ ပေါက်ချင်လွန်းလို့
ဇွတ်အတင်းကြီး လိုက်တုနေတာကမှ တကယ်တော့ ရှက်စရာ ကောင်းတာပါ။ တုတာက
တုတာပါပဲ။ ဘယ်တော့မှ အစစ်ဖြစ်မလာပါဘူး။

အင်္ဂလိပ်စကားကို အမေရိကန်က
အမေရိကန် "လေ" နဲ့ ပြောမှာပဲ။ ဂျာမန်ကလည်း အင်္ဂလိပ်စကားကို ဂျာမန် "လေ" နဲ့
ပြောမှာပဲ။ အင်္ဂလိပ်ဘုရင်မရဲ့ ထီးတော်ရိပ်အောက်မှာ နေတဲ့ စကော့လူမျိုးကလဲ
အင်္ဂလိပ်စကားကို စကော့တို့ တောင်ပေါ် "လေ" နဲ့ ပြောမှာပါပဲ။ ဒါကဲ့ရဲ့စရာလား။
လန်ဒန်က အင်္ဂလိပ်စကား နဲ့ မန်ချက်စတာက အင်္ဂလိပ်စကားတောင်မှ
လေယူလေသိမ်းတူကြတာမှ မဟုတ်တာ။
မြန်မာပါးစပ်က မြန်မာသံပဲ ထွက်မှာပေါ့။
ဒါကို ဘယ် အင်္ဂလိပ်လူမျိုးကမှ သရော်ပြောင် လှောင်လိမ့်မယ် မဟုတ်ပါဘူး။
ရဲရဲသာ ပြောစမ်းပါ။ လေးငါးဆယ်ရက်အတွင်း နှုတ်သွက် လျှာသွက်
ဖြစ်လာပါလိမ့်မယ်။ အဲဒီအခါကျရင် သိမ်ငယ်စိတ်တွေ ပျောက်ပြီး
နှုတ်ဆွံ့နေတာလည်း လုံးဝပျောက်သွားမှာပါ။

မြန်မာတို့ဟာ
အင်္ဂလိပ်လက်အောက်မှာ နှစ်ရာနဲ့ချီ နေခဲ့ကြရတာ ဖြစ်လေတော့၊ ဒီနေ့ထိ
မျက်နှာဖြူမြင်ရင် ဘယ်လို မျက်နှာဖြူပဲဖြစ်ဖြစ် ခေါင်းကလေးငုံ့ပြီး
စကားပြောနေကြဆဲ ဖြစ်ပါတယ်။ ကိုယ် တွေ့နေရတဲ့ မျက်နှာဖြူဟာ ပညာတတ်လား၊
အမှိုက်ကျုံးတဲ့ မြူနီစပယ် အလုပ်သမားလား၊ နွားသတ်တဲ့ အမဲသားသည်လားဆိုတာ
ဆန်းစစ်ကြည့်လေ့ မရှိကြပါဘူး။

ဒီနေ့ လခ သိန်းနဲ့ချီယူတဲ့
နိုင်ငံခြားသားတွေ သင်တယ်ဆိုတဲ့ ကျောင်းကြီးတွေမှာ ကိုယ့်သား သမီးတွေကို
ထားပြီး၊ ဂုဏ်ယူဝင့်ကြွားနေတဲ့ မြန်မာမိဘတွေသိဖို့ ပြောပြချင်တဲ့
အချက်တချက် ရှိပါတယ်။ အဲဒီအချက်က ဘာလဲဆိုတော့ တချို့ကျောင်းတွေမှာ
လာသင်တဲ့ နိုင်ငံခြားသားတိုင်း ဟာ  စာသင်တတ်တဲ့ ကျောင်းဆရာ၊ ဆရာမများ
မဟုတ်ကြဘူး ဆိုတာပါ။ တခြားအကြောင်း ကိစ္စမျိုးနဲ့ မြန်မာပြည်မှာ ကြာကြာလေး
နေချင်တဲ့အတွက် နေထိုင်ခွင့်ရအောင် အလုပ်တခု ဝင်လုပ်နေတဲ့ သဘောမျိုးနဲ့
လုပ်နေကြတာပါ။ တချို့ဆို စာလုံးဝ မသင်တတ်ကြပါဘူး။ တချို့ ဘာဘွဲ့၊
ဘာဆရာဖြစ်လက်မှတ်မှ မရှိကြပါဘူး။ကိုယ်တိုင် အင်္ဂလိပ်စကားပြော သင်တန်း
ဖွင့်ထားတာ ဖြစ်လေတော့ အဲဒီလို ဝင်လုပ်ချင်လို့ အလုပ်ခန့်ပေးပါ၊
ခန့်စာရေးပေးပါဆိုပြီး လာပြောတာတွေ အများကြီးကြုံဖူးလို့ သိနေတာပါ။
အသားဖြူဖြူ၊ အသားဝါဝါမြင်တိုင်း အောက်ကျို့ချင်တဲ့ သိမ်ငယ်စိတ်တွေသာ
ဖျောက်ပစ်လိုက်စမ်းပါ။

မြန်မာတွေ မညံ့ပါဘူး။ ဆိုက်ကားဆရာတောင်
နိုင်ငံခြားသား ဧည့်သည်တွေနဲ့ အလုပ်ဖြစ်အောင်တော့ ဆက်ဆံနိုင်ကြတာပဲ
မဟုတ်လား။ ဒါ ဂျပန်တွေထက်၊ ယိုးဒယားတွေထက် ကိုးဆယ်ဆ သာတယ်လို့
ဆိုနိုင်တာပေါ့။ မြန်မာတွေမှာ ခက်နေတာက သိမ်ငယ်စိတ်ပဲ။ သိမ်ငယ်စိတ်ဆိုတာ
"အငုံ့စိတ်" ပဲ။ အားတော့နာပါတယ်။ ရင့်သီးလွန်းလို့ မပြောချင်ပါဘူး။
ဒါပေမယ့် အဲဒီစကားကို သုံးပြောမှ ပိုပြီးထိရောက်၊ ပိုပြီး
သဘောပေါက်မှာမို့ ပြောခွင့်ပြုပါ။ စေတနာနဲ့ ဒေါမနဿကြောင့်
ရင့်ရင့်သီးသီးပြောမိတာလို့ လက်ခံပေးပါ။ အငုံ့စိတ်၊ သိမ်ငယ်စိတ် ဆိုတာ
"ကျွန်စိတ်" ကို ယဉ်အောင်ပြောတာပါ။ လွတ်လပ်ရေး ရခဲ့တာပဲ နှစ်ပေါင်း
(၆၀)နီးပါပြီ။ ကျွန်စိတ်တွေ ပျောက်ဖို့ ကောင်းပါပြီ။

ကိုဖီအာနန်လို
ကမ္ဘာ့ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ကြီး တယောက်တောင်မှ အင်္ဂလိပ်စကားကို
"အဖရို" သံနဲ့ ပြောနေသေးတာပဲ။ မြန်မာလူမျိုး တယောက်က "ငါးပိအင်္ဂလိပ်"
ပြောတာ ဘာရှက်စရာ ရှိလဲ။ အသံထွက် မှန်မှန်နဲ့ တဖက်သား နားလည်အောင်
ပြောတတ်ဖို့ လိုရင်းပဲ မဟုတ်လား။ မြန်မာတွေ ပညာရည် မနိမ့်ပါဘူး။
လူစွမ်းလူစ မနုံနဲ့ပါဘူး။ ပင်ကိုယ်ဗီဇ မဖျင်းပါဘူး။ ကျွန်စိတ် ပျောက်ဖို့
ကလေး တခုသာ လိုတာပါ။
လူထုစိန်ဝင်း။

No comments: