Sunday, February 5, 2012

မနှစ်က အကယ်ဒမီပွဲတက် အတွေ့အကြုံကို ပြန်ပြောတဲ့ သက်မွန်မြင့်

“အာဒမ်ရယ်၊ ဧဝရယ်၊ ဒသရယ်”ဇာတ်ကားနဲ့ “အမေ့ကျေးဇူးဆပ်ဖူးချင်တယ်” ဇာတ်ကားတွေနဲ့ အကယ်ဒမီတစ်ပြေးနေတဲ့ သက်မွန်မြင့်က ၂ ကားလုံးက ဇာတ်လမ်းကွဲ သလို အိုက်တင်တွေလည်း မတူတဲ့ အတွက် အားရပြီး ကျေနပ်တယ်လို့ ပြောပါတယ်။
 
သက်မွန်မြင့်က အကယ်ဒမီ ပွဲတက်ဝတ်စုံကို ဒီဇိုင်နာမပုံကချုပ်ပေး မှာဖြစ်ပြီး အရောင်ကတော့ သေသေချာချာ မသိသေးဘူးလို့ ပြောပါတယ်။ “မနှစ်ကချိတ်တွေ တောက်လျှောက်ဝတ်ထားတော့ ဒီနှစ်ကို ချိတ်မဝတ်ဘူး။ အရောင်ကိုလည်း အရင်နှစ်တွေက မဝတ်တဲ့အရောင်ကို ချိန်ပြီး လုပ်ရမှာပေါ့။ သက်မွန်က အဝါနဲ့ အဖြူကိုကြိုက်တယ်။ အရောင်အစွဲရယ်လို့တော့ မရှိဘူး။ ဒါပေမဲ့ အဝါ ရောင်မြင်ရင် စိတ်ချမ်းသာတယ်။ အင်္ကျီကတော့ ဘာ အရောင်ဖြစ်ဖြစ်ဝတ်ပါတယ်။ အရင်နှစ်က အဝါရောင် ဝတ်ပြီးသွားတော့ ဒီနှစ်အဝါရောင် မဝတ်ဖြစ်ဘူး”လို့ သက်မွန်မြင့် က ပြောပြ ပါတယ်။ အကယ်ဒမီပွဲတက်တဲ့အတွေ့အကြုံနဲ့ ပတ် သက်ပြီးတော့ သက်မွန်မြင့်က..”အကယ်ဒမီပွဲတက်တာ နှစ်တိုင်းလည်း သွားနေကြ ဆိုတော့ တခြား အခက်အခဲမရှိ ပါဘူး။ မနှစ်ကတော့ သက်မွန်တို့က ဝတ်စုံပြည့်ဝတ်ပြီး ပရိသတ်ကြားထဲရောက် သွားတယ်။ ပရိသတ်တွေကလည်း ချစ်တော့ အလုအယက် ဆွဲပြီး ဓာတ်ပုံ ရိုက်တော့ ကိုးရိုးကားယားဖြစ်သွားတယ်။ အဲဒါလေးတစ်ခုပါပဲ။ ပရိသတ်တွေနဲ့တော့ တွေ့ရတာပေါ့။ ဒါပေမဲ့ ကိုယ်က ဒေါက်ဖိနပ်နဲ့ဆိုတော့ နင်းမိမှာစိုးလို့ လိုက် ရှောင်ရ တာတော့ ရှိတယ်” လို့ ပြောပြပါတယ်။ သက်မွန်မြင့်က ဒီနှစ်အကယ်ဒမီပွဲကို သွားဖို့ကိုတော့ “အာဒမ်ရယ်၊ ဧဝရယ်၊ဒသရယ်”ကားရဲ့ ပရိုဂျူဆာ မခင်စန္ဒမြင့် တို့နဲ့ သွားဖြစ်မယ် ထင်တယ်လို့ဆိုပြီး အကယ်ဒမီကို ပရိသတ် မျှော်လင့်တဲ့အတိုင်း၊ဖြစ်စေချင်တဲ့အတိုင်း ဖြစ်ပါစေလို့ ဆုတောင်းတယ်လို့လည်း ပြောပါတယ်။
မေမွန်မောင် (ပေါ်ပျူလာဂျာနယ်)

No comments: