Monday, January 30, 2012

အင်တာနက် ကွန်နက်ရှင်နှင့် ဖုန်းလိုင်းများ မကြာမီ ကောင်းမွန်လာတော့ မည်ဟုဆို

မြန်မာနိုင်ငံအတွင်း၌ အသုံးပြုလျက်ရှိသော မိုဘိုင်းဖုန်းလိုင်းနှင့် အင်တာနက်လိုင်းများကို မတ်လဝန်းကျင်မှစ၍ ဆက်သွယ်မှု ကောင်းမွန်စွာ အသုံးပြုလာနိုင် တော့မည်ဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေးမှ တာဝန်ရှိသူတစ်ဦးကပြောသည်။''ရှေ့နှစ်လလောက်ကစပြီး ဖုန်းဆက်သွယ်မှုနဲ့ အင်တာနက်လိုင်းတွေ တဖြည်းဖြည်းသိသာစွာ ကောင်းမွန်လာတော့မှာပါ။


လက်ရှိအင်တာနက်လိုင်း နှေးနေတာကလည်း ရေအောက် ဖိုင်ဘာကေဘယ်ကြိုးတွေ ပြတ်တောက်ခဲ့တာကြောင့်ပါ။ အခုSEA-ME-WE3 နေရာမှာ SEA-ME-WE5ကို အစားထိုး တပ်ဆင်ဖို့ တင်တားတာလည်း ကျလာပါပြီ။ အဲ့ဒါကိုတော့ တရုတ်ဝန်ကြီးရဲ့အကူအညီနဲ့ ဆောင်ရွက်သွားမှာပါ''ဟု အင်ဂျင်နီယာချုပ် ဦးဇော်မင်းဦးကပြောသည်။
ထိုကဲ့သို့ပင် မိုဘိုင်းဖုန်းလိုင်းများ အတွက်လည်း Network တိုးချဲ့ခြင်းလုပ်ငန်းများ၊ ဆက်သွယ်ရေး တာဝါတိုင်များကို ပုဂ္ဂလိကကုမ္ပဏီများဖြင့် တည်ဆောက်လျက် ရှိသည်ဟုဆိုသည်။  ယင်းသို့ဆောင်ရွက်ခြင်းမှာလည်း ၂ဝ၁၃ ခုနှစ်တွင် ကျင်းပပြုလုပ်မည့် ဆီးဂိမ်းအမီ ဖုန်းလိုင်းနှင့်အင်တာနက် Serviceကို ကောင်းမွန်စွာ အသုံးပြုနိုင်ရန်အတွက် အဓိက ရည်ရွယ်ခြင်းဖြစ်ကြောင်းသိရသည်။''အခုလို တစ်လထက် တစ်လ ကွန်နက်ရှင်တွေ ကောင်းမွန်လာမယ် ဆိုရင်တော့ စီးပွားရေးလုပ်ငန်းရှင်တွေ အတွက်ရေရှည်ရပ်တည် ဖို့အတွက်အဆင်ပြေလာကြမှာပါ။ တကယ်တမ်းတော့ ဖုန်းနဲ့အင်တာနက်ဆိုတာ တိုင်းပြည်တစ်ခုရဲ့ အရေးပါတဲ့ကဏ္ဍတစ်ခုမှာ တာဝန်ရှိပါတယ် '' ဟုဗဟန်းမြို့နယ်ရှိ အင်တာနက်ဆိုင်တစ်ဆိုင်မှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။အဆိုပါ အင်တာနက်လိုင်းများမှာ၂ဝ၁၁ ခုနှစ်အတွင်း ကွန်နက်ရှင် နှေးကွေးပြတ်တောက်မှု ဆက်တိုက် ဖြစ်ပေါ်ခဲ့ခြင်းကြောင့် လုပ်ငန်းရှင်များအနေဖြင့် ထိခိုက်နစ်နာမှုများစွာ ရှိခဲ့ကြောင်း စီးပွားရေးလုပ်ငန်းရှင်များ ကပြောသည်။

No comments: