Monday, January 30, 2012

ထိုင်းနိုင်ငံရောက် အလုပ်သမားများဆိုင်ရာ ပြဿနာများကို ညှိနှိုင်းဆွေးနွေးမည်


အတွဲ ၂၈ ၊ အမှတ် ၅၅၄ ( ၂၇ ၊ ၁ - ၂ ၊ ၂ ၊ ၂၀၁၂)
ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမားများအား ယာယီနိုင်ငံကူးလက် မှတ်ထုတ်ပေးခြင်း၊ ထိုင်းဗီဇာရရှိရေး ကိစ္စနှင့် အခြား အထွေထွေ အလုပ်သမား ပြဿနာများကို ဖြေရှင်းရန်အတွက် ထိုင်းနိုင်ငံနှင့် ညှိနှိုင်းပြီး အစည်းအဝေး ပြုလုပ်မည်ဖြစ်ကြောင်း မြန်မာနိုင်ငံ အလုပ်သမားဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။
အဆိုပါအစည်းအဝေးကို ဇန်န၀ါရီလ ၄ ရက်တွင် ကျင်းပရန်လျာထားသော်လည်း ၂၀ ရက်နေ့မှ ကျင်းပမည် ဖြစ်ကြောင်း သိရသည်။


မြန်မာဘက်မှ တင်ပြထားသော ယာယီ မြန်မာနိုင်ငံကူးလက်မှတ်အရောင်၊ ကွန်ပျူတာဖြင့် ရိုက်နှိပ်ထားရှိမှုကိုလက်ခံရန်နှင့် ထိုင်း ဗီဇာ ထုတ်ပေးရန်၊ ယာယီနိုင်ငံကူးလက်မှတ်ထုတ် ပေးမည့်ရုံးနေရာ ငါး နေရာကို အတည်ပြု ပေးရန်နှင့် ရန်ကုန်တွင်ရွေးချယ်ပြီး လေကြောင်းမှ ၀င်ရောက်လာမည့် မြန်မာအလုပ်သမားများအား ထိုင်း နိုင်ငံဗီဇာရရှိရေးတို့ကို ထိုင်းနိုင်ငံ၊ ဒုတိယ၀န်ကြီးချုပ်ဦးစီးသော ထိုင်းနိုင်ငံ အလုပ်သမားပြဿနာဖြေရှင်းရေး ကြီးကြပ်မှုကော်မတီအစည်းအဝေးတွင် ဆွေးနွေးမည်ဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံသား အလုပ်သမားများအားလုံးကို အချိန်တိုအတွင်း အထောက်အထားများထုတ်ပေးနိုင်ရန်အတွက် ထိုင်းနိုင်ငံနှင့် ညှိနှိုင်းပြီးလက်ရှိ တာချီလိတ်၊ မြ၀တီနှင့်ကော့သောင်း နယ်စပ်စခန်းများအပြင် ထိုင်းနိုင်ငံ အတွင်းသို့ အဖွဲ့ငါးဖွဲ့စေလွှတ်၍ ယာယီ နိုင်ငံကူးလက်မှတ်များ ထုတ်ပေးရန် ဆောင်ရွက်လျက်ရှိသည်။
ထို့ပြင် ထိုင်း နိုင်ငံရောက် မြန်မာနိုင်ငံသားအလုပ် သမားများ၏ သားသမီးများအား အထောက်အထားထုတ်ပေးရန်နှင့် ပညာ သင်ကြားပေးရန်လည်း နှစ်နိုင်ငံ စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
လုပ်ငန်းများ ဆောင်ရွက်နိုင်ရန် အလုပ်သမားဝန်ကြီးဌာနမှ အရာရှိ တစ်ဦးအား ၂၀၁၁ ခုနှစ်၊ ဒီဇင်ဘာလ ၁၈ ရက်မှ စ၍ ထိုင်း နိုင်ငံဆိုင်ရာမြန်မာသံရုံး၌ တွဲဖက်လျက်တာဝန်ပေးအပ်ထားသည်။
မြန်မာနိုင်ငံသားအလုပ် သမားများအနက် အင်အားခြောက် သိန်း ကျော်မှာ ယာယီနိုင်ငံကူးလက်မှတ်များ ကိုင်ဆောင် အလုပ်လုပ်ကိုင် လျက်ရှိကြောင်း ယခုလ ၁၉ ရက်နေ့ထုတ် နိုင်ငံပိုင် သတင်းစာများတွင် ဖော်ပြထားသည်။
ပြည်ပတွင် အလုပ်လုပ်ကိုင်နေသော မြန်မာနိုင်ငံသားအလုပ်သမားများအား တရားဝင်အခွင့်အရေးများ အပြည့်အ၀ရရှိနိုင်ရန်အတွက် ပြည်ပတွင် အလုပ်လုပ်ကိုင်မှုကြီးကြပ်ရေး ကော်မတီကို ဖွဲ့စည်းတာဝန်ပေးအပ်၍ အင်အားနှစ်သန်းခန့်ရှိသော ထိုင်းနိုင်ငံရောက် မြန်မာ နိုင်ငံသားအလုပ်သမားများအား ကာကွယ်စောင့်ရှောက်နိုင်ရန် ဆောင်ရွက်လျက်ရှိကြောင်း ၁၉ ရက် နေ့ထုတ်နိုင်ငံပိုင် သတင်းစာတွင် ဖော်ပြထားသည်။

No comments: