ကျပ်နှစ်သိန်းတန် ဂျီအက်စ်အမ် ဖုန်းများကို ရန်ကုန်မြို့ရှိ ဖုန်းအရောင်းဆိုင်များမှ ဈေးနှုန်းအမျိုးမျိုး ဖြင့်ရောင်းချနေပြီး ဟန်းဆက်နှင့် တွဲဖက်ရောင်းချသော ဆိုင်များလည်း ပိုမို များပြားလာကြောင်း စုံစမ်းသိရှိရသည်။
ပုံမှန်ရုံးဖွင့်ရက်များတွင် Elite Tech နှင့် ရတနာပုံတယ်လီပို့တို့မှ ကျပ်နှစ်သိန်းဖြင့် ရောင်းချပေးသော်လည်း တန်းစီစောင့်ဆိုင်း၍ ၀ယ်ယူကြရကြောင်း သိရသည်။ မြို့နယ်အသီးသီးရှိ ဖုန်းအရောင်းဆိုင်များတွင်မူ စောင့်ဆိုင်းရန်မလိုဘဲ ၀ယ်ယူနိုင် သော်လည်း ဈေးနှုန်းမှာ သတ်မှတ် နှုန်းထားထက် ကျပ်သောင်းဂဏန်း ပိုမိုနေကြောင်း သိရသည်။
“ဂျီအက်စ်အမ်ကတ်တွေ သတ်မှတ်နှုန်းထားထက် ဈေးကြီးနေတာ က လက်ထဲမှာ ကတ်ကိုင်ထားတဲ့ သူတွေဆီကနေ ဈေးကြီးပေးပြီး ၀ယ်ရလို့ပါ။ လဆန်း ၅ ရက်နေ့မှာ စရောင်းတုန်းကဆိုရင် ကတ်တွေကို တိုက်ရိုက်ရပြီး ကျပ်နှစ်သိန်းနဲ့ပဲ ရောင်းပေးနိုင်ခဲ့တယ်။ နောက်ပိုင်းမှာတော့ ၀ယ်ရတဲ့ဈေးနှုန်းပေါ် မူတည်ပြီး ဈေးနှုန်း အပြောင်းအလဲလည်း များပါတယ်။ သင်္ကြန်မတိုင်မီ ကာလမှာ အရောင်းရဆုံးဖြစ်ခဲ့ပြီး သင်္ကြန်အပြီး ကာလမှာတော့ နည်းနည်းပြန်အေးသွားတယ်။ သင်္ကြန်တွင်းကာလမှာ မိုဘိုင်းဖုန်း အသုံးပြုချင်တဲ့သူတွေ များတာကြောင့်ပါ။ အများဆုံးရောင်းရတဲ့ ဟန်းဆက်တွေက ကျပ်သောင်းဂဏန်း ၀န်းကျင် ဟန်းဆက်တွေနဲ့ ကျပ်တစ်သိန်းဝန်းကျင် ဟန်းဆက်တွေပါ”ဟု BestOne မိုဘိုင်းဖုန်း အရောင်းဆိုင်မှ တာဝန်ရှိသူ ကပြောကြားသည်။
“ဖုန်းကတ်တွေက ကျပ်နှစ်သိန်းနဲ့ မရသေးပါဘူး။ ပိုပေးနေရတုန်းပါပဲ။ သင်္ကြန်မတိုင်မီ ကာလနဲ့ စာရင်တော့ ကတ်တွေ ပြန်ဝင်လာပါပြီ”ဟု လူကြီးမင်းဖုန်းဆိုင်မှ တာဝန်ရှိသူက ပြောပြသည်။
“ကျွန်တော်တို့က ကော့မှူးကနေလာတာပါ။ အပြင်ဆိုင်တွေမှာ ကျပ်နှစ်သိန်းထက် ပိုပေးရလို့ Elite မှာ လာတန်းစီတယ်။ ရှေ့မှာတိုကင် ကိုင်ပြီးစောင့်နေတဲ့သူတွေတောင် မရသေးလို့ ပြန်ရဦးမှာနဲ့ ဆိုတော့ သင်္ကြန်ပြီးမှပဲ ၀ယ်တော့မယ်။ အစောပိုင်းကဆိုရင် နောက်ကလူတွေက ရှေ့ကလူတွေကို ကျော်ပြီး တိုကင် လုယူကြလို့ ရုန်းရင်းဆန်ခတ်တောင် ဖြစ်လိုက်သေးတယ်။ ဆိုင်းဘုတ်၊ ပိုစတာတွေတောင် ပျက်စီးကုန်တယ်။ သူတို့တောင် ဘာဂျာတံခါးပိတ်ပြီး ရောင်းနေရတယ်။ စိတ်ပျက်စရာပါ” ဖုန်းကတ် ၀ယ်ယူရန်သွားရောက်ခဲ့သူ တစ်ဦးက ပြောပြခဲ့သည်။
No comments:
Post a Comment