Wednesday, April 18, 2012

ယာဉ်စီးကတ် မျှဝေ သုံးစွဲ၍ မရ

i Pay ကဒ်အားစက်ဖြင့် ပိုက်ဆံဖြတ်နေစဉ်
ရန်ကုန်၊ ဧပြီ ၆
i Pay လိုင်းကားစီးကတ် တစ်ကတ်လျှင် တစ်ယောက်သာ သုံးစွဲနိုင်မည်ဟု ဝန်ဆောင်မှုပေးသည့် ကစ္ဆပနဒီ ကုမ္ပဏီမှ သိရသည်။
လိုင်းကားစီးကတ်များကို ဧပြီ ၂ ရက်နေ့မှ စတင်၍ ဗန္ဓုလ သယ် ယူပို့ဆောင်ရေး ယာဉ်လိုင်း အဓိပတိအပြာတွင် သုံးစွဲခွင့်ပြုထားရာ ကတ်တစ်ကတ်ကို လူတစ်ယောက် ထက်ပို၍ သုံးနိုင်ခြင်းမရှိကြောင်း သိရသည်။

”တစ်ကတ်ကို တစ်ယောက်ပဲ သုံးစွဲခွင့်ပေးထားပါတယ်။ နိုင်ငံတကာမှာလည်း ဒီစနစ်ကို လက်ရှိအချိန်အထိ ကျင့်သုံးနေပါတယ်။ အဓိကကတော့ ကတ်လုံခြုံရေး အတွက်ကြောင့် ကတ်တစ်ကတ်ကို မျှဝေသုံးစွဲခွင့် မပေးတာပါ”ဟု ကစ္ဆပနဒီကုမ္ပဏီမှ Product Manager ကိုအောင်ကျော်က ပြောသည်။
ကတ်တွင်ထည့်သွင်းထားသည့် စနစ်မှာ လူတစ်ယောက်နှုန်း ကားစီးနိုင်သည့် ငွေကြေးကို ထည့်သွင်းထားခြင်းဖြစ်၍ ငွေနုတ်သည့်အခါတွင်လည်း တစ်ယောက် နှုန်း သာ နုတ်ယူသွားမည် ဖြစ်သည်။ ငွေနုတ်ယူမှုအပိုင်းတွင် အခက်အခဲများ မပေါ်ပေါက်ရေးအတွက် မျှဝေသုံးစွဲခွင့် မပြုခြင်းဖြစ်ကြောင်း ၄င်းက ဆက်လက်ပြောသည်။
”လောလောဆယ်တော့ ကတ်တွေကို ယာဉ်လိုင်းပေါ်မှာပဲ ရောင်းချပေးနေပါတယ်။  ရောင်းပေးဖို့အတွက်လည်း  ကုမ္ပဏီဝန်ထမ်း နှစ်ယောက်ကို စက်တပ်ဆင်ထားတဲ့ ကားတိုင်းမှာ ထားရှိပေးထားပါတယ်။ ကတ်မျှဝေသုံးစွဲဖို့အတွက် အစီအစဉ်မရှိသေးပါဘူး။ ကတ်အသုံးပြုမှုတွင် ကျယ်လာမှပဲ စဉ်းစားပေးမှာပါ”ဟု ၄င်းက ထပ်လောင်း ပြောသည်။
လက်ရှိတွင် တစ်ကတ်လျှင် တစ်ယောက်နှုန်းသာ အသုံးပြုခွင့် ရှိသောကတ်များကို ရောင်းချပေးလျက် ရှိသည်။ ကတ်တန်ဖိုးမှာ ကျပ် ၃ဝဝ ဖြစ်ပြီး ဖြည့်သွင်းပေးထား သည့် ငွေတန်ဖိုးမှာ ကျပ် ၇ဝဝ ဖြစ် ကြောင်း ၄င်းကုမ္ပဏီမှ သိရသည်။
လက်ရှိကျင့်သုံးနေသော  ငွေပေး၍စီးရသည့် စနစ်ကိုလည်း  ဆက်လက်ထားရှိသွားမည် ဖြစ်ကြောင်း၊ ကတ်အသုံးပြုရာတွင် တစ်စုံတစ်ရာ အခက်အခဲများ ပေါ်ပေါက် လာပါက ယာဉ်လိုင်းပေါ်တွင် ရှိသည့် ကုမ္ပဏီဝန်ထမ်းများထံတွင် ဆက်သွယ်မေးမြန်းနိုင်ကြောင်း အဆိုပါကုမ္ပဏီမှ ထုတ်ပြန်ထားသည်။
ယာဉ်လိုင်းစီးကတ်များကို လက်ရှိတွင်အာဆီယံနိုင်ငံများ၌ တွင်ကျယ်စွာ သုံးစွဲလျက်ရှိပြီး စင်ကာပူနိုင်ငံတွင် ပိုမိုသုံးစွဲလျက်ရှိ ကြောင်း ၄င်းက ပြောသည်။
အောင်ဇော်

No comments: