နိုင်ငံရေးသမားတစ်ယောက်ရဲ့ နောက်ကို ဘာကြောင့် လူတွေအုန်းအုန်းထ လိုက်ကြရသလဲ..
ဒီအဖြေကို
ပါဝါဆိုတဲ့ စကားလုံးကို သုံးပြီး အနည်းအကျဉ်း ရှင်းပြချင်ပါတယ်။
လူတစ်ယောက်က လူတစ်ယောက်ကို လွှမ်းမိုးနိုင်မှုကို ပါဝါလို့ အဓိပ္ပါယ်ရကြောင်း
ရစ်ချက်အယ်လ်ဒပ်ဖ်က ရှင်းပြထားပါတယ်။ အဲဒီလို လွှမ်းမိုးနိုင်တဲ့ ပါဝါကို
အမျိုးမျိုး ထပ်ခွဲထားပြန်ပါတယ်။
အဲဒီထဲမှာ ရာထူးအနေအထား အရ လွှမ်းမိုးနိုင်ခြင်းနှင့် ကိုယ်ရည်ကိုယ်သွေးအရ
လွှမ်းမိုးနိုင်ခြင်း ဆိုတဲ့ ပါဝါနှစ်မျိုးက စိတ်ဝင်စားစရာ ကောင်းပါတယ်။
ရာထူးအရ လွှမ်းမိုးနိုင်ခြင်းကတော့ ရှင်းပါတယ်။ မိမိမှာ ရှိတဲ့ရာထူးကြောင့်
မိမိ လက်အောက်ငယ်သားက မိမိကို ကြောက်ပြီး မိမိက သူ့အား
လွှမ်းမိုးနိုင်ခြင်းပါ။ မိမိပိုင်ဆိုင်တဲ့ ရာထူးစည်းစိမ် အနေအထား
မပိုင်ဆိုင်တော့ဘူး ဆိုရင် မိမိအနေနဲ့ သူ့ကို လွှမ်းမိုးနိုင်စွမ်း
မရှိတော့ပါဘူး။ ကြားဖူးကြမှာပါ။ ပင်စင်စားအရာရှိတွေ ပင်စင်လည်းယူပြီးရော
ဘယ်သူမှ ဆေးဘက်ကြောဖက် မလုပ်ကြတာတွေ။ တစ်ချိန်က အနိမ့်ဆုံးဝန်ထမ်းကတောင်
လမ်းမှာတွေ့တဲ့အခါ အခေါ်အပြော မလုပ်တော့တာတွေ။ ဒါဟာ မိမိရဲ့
ဘယ်လိုအကြောင်းကြောင့် ဖြစ်ဖြစ် ရရှိထားတဲ့ ရာထူးစည်းစိမ်ကြောင့်သာ
မိမိလက်အောက်ငယ်သားတွေ၊ မိမိရဲ့ လုပ်ဖော်ကိုင်ဖက်တွေကို
လွှမ်းမိုးနိုင်ခြင်းဆိုတာ အထင်အရှားပါ။ မိမိမှာ ပင်ကိုယ်
ကိုယ်ရည်ကိုယ်သွေး မရှိဘူးဆိုတာ ပေါ်လွင်ပါတယ်။ မိမိရဲ့
ကိုယ်ရည်ကိုယ်သွေးနဲ့ လွှမ်းမိုးလို့ မရဘူးဆိုတာလည်း သိသာနေပါတယ်။ အဲဒီလို
ပါဝါတွေကို အလုပ်သဘောအရ မန်နေဂျာတွေမှာ တွေ့ရှိရတတ်ပါတယ်။
နောက် ပါဝါ တစ်မျိုးက ကိုယ်ရည်ကိုယ်သွေးအရလွှမ်းမိုးနိုင်မှုပါ။
ကိုယ်ရည်ကိုယ်သွေးလို့ပြောလိုက်ရင် အများကြီး ထည့်သွင်း စဉ်းစားရပါမယ်။
လူတစ်ယောက်ရဲ့ ကိုယ်ရည်ကိုယ်သွေးဆိုတာ အများအကျိုးဆောင်ရွက်နိုင်မှု၊
အနစ်နာခံမှု၊ အကောင်းမြင်စိတ်ရှိခြင်း၊ ပညာဥာဏ်ထက်မြက်ခြင်း၊
စဉ်းစားတွေးခေါ်နိုင်စွမ်းရှိခြင်း...စတဲ့စတဲ့ အရည်အချင်းတွေ အားလုံးနဲ့
ဆိုင်ပါတယ်။ လက်အောက်ငယ်သားတွေ၊ လုပ်ဖော်ကိုင်ဖက်တွေဟာ သူရဲ့
ကိုယ်ရည်ကိုယ်သွေး ထက်မြင်မှုကို လေးစားလွန်းတာကြောင့် သူဟာ သူရဲ့ ပါဝါ
လွှမ်းမိုးအောင် တကူးတက လုပ်ယူစရာ မလိုပါဘူး။ သူ့ကိုမေးမှဖြစ်မယ်၊ သူရှိရင်
ပိုအဆင်ပြေမယ်၊ သူနဲ့ တိုင်ပင်မှဖြစ်မယ်... စတဲ့အတွေးတွေကို
လက်အောက်ငယ်သားတွေ၊ လုပ်ဖော်ကိုင်ဖက်တွေ အနေနဲ့ ဖြစ်စေတာဟာ သူ့ရဲ့
ကိုယ်ရည်ကိုယ်သွေး ထက်မြက်မှုကြောင့် ဖြစ်ပါတယ်။ ဒီလိုပါဝါမျိုးကိုတော့
ခေါင်းဆောင်တွေမှာ တွေ့ရလေ့ရှိပါတယ်။
ဒီ ပါဝါနှစ်မျိုးကို နိုင်ငံရေးသမားတွေမှာ ယှဉ်ပြီးသုံးသပ်ကြည့်ရအောင်။
နိုင်ငံရေး သမားတွေဟာ နိုင်ငံတစ်နိုင်ငံကို ခေါင်းဆောင်မှုပေးမယ့်သူတွေလို့
အကြမ်းအားဖြင့် ပြောလို့ရပါတယ်။ ဒါဆို ခေါင်းဆောင်တွေဟာ
ခေါင်းဆောင်နိုင်မှုပေးမယ့် ပါဝါရဖို့ အနည်းနဲ့အများတော့ လိုပါမယ်။
မိမိရဲ့ ကိုယ်ရည်ကိုယ်သွေးထက်မြက်မှုကြောင့် မိမိကို လူတွေက ယုံတယ်။
မိမိကလည်း လူတွေကို လွှမ်းမိုးနိုင်စွမ်းရှိတယ်။ ဒါကြောင့် မိမိရဲ့
ခေါင်းဆောင်မှုကို မျှော်လင့်ကြတယ်။ မိမိရဲ့ ကိုယ်ရည်ကိုယ်သွေးကို
ယုံကြည်ကြတယ်။ ဒါက ကိုယ်ရည်ကိုယ်သွေးအရ လွှမ်းမိုးနိုင်စွမ်းရှိတဲ့
နိုင်ငံရေးသမား။ သူ့အနေနဲ့ လူတွေကို တကူးတက စည်းရုံးစရာ မလိုဘူး။ ဆန်ပေး၊
ဆီပေး၊ ပိုက်ဆံပေးပြီး လူတွေရဲ့ ယုံကြည်ချက်၊ ထောက်ခံချက်ကို ရယူဖို့
မလိုဘူး။ သူ့ရဲ့ခံယူချက်၊ သူ့ရဲ့ ရပ်တည်မှုကို လူတွေက နှစ်သက်တယ်။ သူ့ရဲ့
ကိုယ်ရည်ကိုယ်သွေးကို ယုံတယ်။ အဲဒါကြောင့် သူဟာ လူတွေကို သူရဲ့
ကိုယ်ရည်ကိုယ်သွေးနဲ့ လွှမ်းမိုးနိုင်စွမ်းရှိတယ်။ ဒါက
ခေါင်းဆောင်မှုအဆင့်ရှိတဲ့ နိုင်ငံရေးသမားပါ။
ရာထူးစည်းစိမ်းအရ လွှမ်းမိုးဖို့ ကြိုးစားတဲ့ နိုင်ငံရေးသမားတွေကတော့
ဆန့်ကျင်ဖက်ကို လုပ်ရပေလိမ့်မယ်။ သူ့ကို လူတွေက မယုံရဲ ယုံရဲ။ သူ့မှာ
ကိုယ်ရည်ကိုယ်သွေး ထူးထူးခြားခြားမရှိ။ သူ့ရဲ့ ခံယူချက်တွေအပေါ်
သံသယတစ်ခွဲသား ရှိဆဲ။ သူမှ မဟုတ်ပါဘူး အခြားသူလည်း သူ့လောက်တော့
လုပ်နိုင်စွမ်း ရှိပါတယ်လို့ တွေးနေဆဲ။ သူ မရှိလည်း ဖြစ်ပါတယ် ဆိုတဲ့
သဘော။ သူကတော့ လူတွေကို လွှမ်းမိုးနိုင်ဖို့ တစ်စုံတစ်ရာနဲ့
စည်းရုံးရပါလိမ့်မယ်။ သူ့ရဲ့ ခံယူချက်၊ သူ့ရဲ့ရပ်တည်မှုတွေကို လူတွေက သံသယ
အမျှင်အတန်းများစွာဖြင့်။ သူ့ကို လူတွေက သူပိုင်ဆိုင်တဲ့
ရာထူးစည်းစိမ်းနဲ့သာ ယှဉ်တွဲမြင်တယ်။ သူ့မှာ ယှဉ်တွဲမြင်စရာ
ကိုယ်ရည်ကိုယ်သွေး လောက်လောက်လားလား ပြစရာ မရှိ။ ဒါက မန်နေဂျာအဆင့်သာ
ရှိတဲ့ နိုင်ငံရေးသမားပါ။
ဒါကြောင့် နိုင်ငံရေးသမားတွေ အနေနဲ့ မိမိဟာ ခေါင်းဆောင်မှုအဆင့် ရှိတဲ့
နိုင်ငံရေးသမားလား။ မန်နေဂျာအဆင့်သာ ရှိတဲ့ နိုင်ငံရေးသမားလား
ကွဲကွဲပြားပြား သိအောင်လုပ်ရပါမယ်။ ပါဝါဆိုတာ လုပ်ယူလို့ရတဲ့ အရာတစ်ခုပါ။
မိမိမှာ ကိုယ်ရည်ကိုယ်သွေးအရ လွှမ်းမိုးနိုင်တဲ့ ပါဝါမရှိဘူးဆိုရင်
ရှိအောင်ပြင်ဆင်ယူရပါမယ်။ အချိန်ကာလ တစ်ခုအထိပေါ့။ မိမိရဲ့ ရပ်တည်ချက်၊
ခံယူချက်တွေက လူတွေလက်ခံလာနိုင်တဲ့ အထိပြုပြင်ယူရပါလိမ့်မယ်။ ဒါမှသာ
မိမိမှာ ကိုယ်ရည်ကိုယ်သွေးမြင့်မားလာပြီး ခေါင်းဆောင်မှုအဆင့်ရှိတဲ့
နိုင်ငံရေးသမား တစ်ယောက်ဖြစ်လာပါလိမ့်မယ်။
ကိုယ်ရည်ကိုယ်သွေးမြင့်မားပြီးသား နိုင်ငံရေးသမားများ အနေဖြင့်လည်း
မိမိရဲ့ ကိုယ်ရည်ကိုယ်သွေးစံချိန်ကို အမြဲထိန်းသိမ်းနိုင်ဖို့
ကြိုးစားနေဖို့လိုပါတယ်။ နိုင်ငံရေးဆိုတာ ရှုပ်ထွေးနက်နဲလှပြီး
အတက်အကျသဘောလည်း ရှိတတ်ပြန်ပါတယ်။ ဒါကြောင့် မိမိဟာ
ခေါင်းဆောင်မှုအဆင့်ရှိသော၊ ကိုယ်ရည်ကိုယ်သွေးလွှမ်းမိုးနိုင်မှုရှိသော
နိုင်ငံရေးသမားတစ်ယောက်အဖြစ် ရေရှည်ရပ်တည်နိုင်ဖို့ရာ မိမိရဲ့
ကိုယ်ရည်ကိုယ်သွေးစံချိန်ကို ထိန်းသိမ်းနိုင်ဖို့ လိုပါတယ်။
ဒီလောက်ဆို နိုင်ငံရေးသမားတစ်ယောက်ရဲ့နောက်ကို လူတွေ ဘာကြောင့် အုန်းအုန်းထ လိုက်နေရသလဲဆိုတာ အနည်းငယ် ရှင်းသွားမှာပါ။
No comments:
Post a Comment