အယူအဆမတူကြပေမယ့်
စည်းစည်းလုံးလုံး နေရလို့ရပါတယ်။ ဥပမာပြောရရင် မိသားစုတစ်ခုပေါ့။
မိသားစုဝင် တွေဟာ တစ်အူထုံဆင်း ညီအကို မောင်နှမအရင်း ဆိုပေမယ့် အတွေးခေါ်
မတူတာ၊ ရပ်တည်ချက်၊ ခံယူချက်၊ ယုံကြည်ချက်တွေ မတူတာ ရှိကြစမြဲပါ။
အဲဒီအခါမျိုးမှာ ဒီမိုကရေစီရဲ့ အခြေခံမှုတွေကို ကျင့်သုံးကြတဲ့ မိသားစုတွေဟာ
ပြိုကွဲလေ့မရှိကြပါဘူး။ အငြင်းပွားစရာ ကိစ္စတွေ ပေါ်လာတိုင်း
မိသားစုဝင်အများစုရဲ့ ဆုံးဖြတ်ချက်နဲ့ပဲ ဖြေရှင်းမယ်ဆိုရင်၊ ပြီးတော့
အနည်းစုရဲ့ ဆန္ဒသဘောထား ကိုလည်း နားထောင်ပေးမယ်၊ အလေးထားမယ်၊
စဉ်းစားပေးမယ်ဆိုရင် အဲဒီမိသားစုဟာ စည်းလုံးညီညွတ်တဲ့ မိသားစုပါပဲ။ အလားတူ
ပါပဲ………… လူ့အဖွဲ့အစည်း တစ်ခု၊ နိုင်ငံတစ်နိုင်ငံကို အများဆန္ဒနဲ့
အုပ်ချုပ်မယ်၊ တိုင်းရင်းသားလူနည်းစုရဲ့ သဘောထားအမြင်တွေကို
နားထောင်ပေးမယ်၊ အလေးအနက်ထား စဉ်းစား ပေးမယ် ဆိုရင် အဲဒီလူ့အဖွဲ့အစည်းဟာ
စည်းလုံး ညီညွတ်တဲ့ အဖွဲ့အစည်းပါပဲ။
ဒါပေမယ့်
ဒီနေရာမှာ အရေးကြီးတာတစ်ခုက စေ့စပ်တယ်၊ ဆွေးနွေးညှိနှိုင်းတယ်၊ အပေးအယူ
အလျှော့အတင်း လုပ်တယ်၊ ရင်ကြားစေ့တယ်ဆိုတာတွေမှာ အခြေခံမှုတွေ
ရှိဖို့လိုပါတယ်။ ပြဿနာတွေကို စိစစ်သုံးသပ် ဝေဖန် စဉ်းစားရာမှာ ပြဿနာတွေရဲ့
အရင်းခံအကြောင်းတရားတွေ၊ သမိုင်းကြောင်း နောက်ခံတွေနဲ့ ဘာကြောင့်
ဆွေးနွေးဖို့ လိုအပ်တယ် ဆိုတာတွေကို ထည့်သွင်း စဉ်းစားရပါမယ်။
နောက်ပြီးတော့ ဒီမိုကရေစီ အစိုးရတစ်ရပ်အဖို့ မှန်ကန်တဲ့ အရာတွေ၊
တရားဥပဒေစိုးမိုးရေး အခြေခံမူတွေကို ဆုပ်ကိုင်ထားပြီးမှ အဲဒြီအခြေခံ
မူတွေအရ အမှားနဲ့အမှန် တိုင်းပြည်ကို ဖြစ်လာစေမယ်။ အဆိုးနဲ့အကောင်း ဆိုတာ
တွေကိုလည်း ထည့်သွင်း စဉ်းစားရပါမယ်။
ရင်ကြားစေ့တယ်ပဲပြောပြော၊
ပြန်လည်သင့်မြတ်ရေးပဲဆိုဆို အဓိပ္ပါယ်ကတော့ စည်းလုံး ညီညွတ်စွာ
နေကြမယ်လို့ သဘောတူကြတာပါ။ ဒီစကားလုံးကို သုံးလိုက်ပြီးဆိုတာနဲ့
အပြန်အလှန်နားလည်မှု တိုးပွားဖို့၊ မတူကွဲပြားတာတွေ ရှိနေတယ် ဆိုတာကို
လက်ခံဖို့ သီးခြားစီရှိနေတဲ့ စရိုက်လက္ခဏာတွေကို အသိအမှတ် ပြုကြဖို့၊
ယုံကြည်မှု ထားပေးကြဖို့နဲ့ ပြီးတော့ စိတ်ဝမ်းကွဲစေမယ့်၊
မကျေမလည်ဖြစ်စေမယ့်၊ အမုန်းပွား စေမယ့် အပြုအမူ၊ အပြောအဆို၊
အနေအထိုင်တွေကိုလည်း ရှောင်ကြဉ်ကြရပါမယ်။
အမျိုးသားပြန်လည်သင့်မြတ်ရေးကို
တကယ်ပဲ လိုချင်ကြတယ်ဆိုရင် အမျိုးသားရေး အကျိုးစီးပွားကို ရှေ့တန်း
တင်ကြဖို့ လိုပါတယ်။ အမျိုးသားနိုင်ငံရေး အမြင်နဲ့ ချဉ်းကပ်ကြဖို့
လိုပါတယ်။ ဘာလို့လဲဆိုတော့ ကိုယ့်ပါတီရဲ့ အကျိုးစီးပွားကို
ရှေ့တန်းတင်မိတတ်ကြလို့ပါ။ ဒါမျိုးတွေက ဘယ်နိုင်ငံမှာမဆို ရှိတတ်ကြ ပါတယ်။
ဒါကြောင့်မို့
ညှိနှိုင်းတယ်၊ ဆွေးနွေးတယ်၊ ရင်ကြားစေ့တယ်ဆိုတဲ့ ကိစ္စတွေမှာ အခြေခံမူဟာ
အရေးကြီး ပါတယ်။ အတိုက်အခံတွေရဲ့ အကျိုးစီးပွားသက်သက်ကို ရစေမယ့်၊
ဒါမှမဟုတ် လက်ရှိအစိုးရကို အာဏာတည်မြဲ စေရုံ သက်သက်ပဲ ဖြစ်စေမယ့်
အခြေခံမူကတော့ မဖြစ်ရပါဘူး။ အမျိုးသားအကျိုးစီးပွားကို အခြေခံထားတဲ့ " မူ"
မျိုးပဲ ဖြစ်ရပါမယ်။ အနီစပ်ဆုံး ဥပမာပေးရရင်တော့
အရေးသုံးပါးလိုမျိုးပေါ့ဗျာ။
ပြီးတော့
အမျိုးသားပြန်လည်သင့်မြတ်ရေးကို တည်ဆောက်တာမှာ၊ အဖြေရှာကြရမှာက
အကြမ်းဖက်တဲ့ နည်းနဲ့ မင်းမဲ့စရိုက်တွေနဲ့ အဖြေရှာကြမယ့် စနစ် တစ်ရပ်နဲ့
ဖြေရှင်းကြရမယ်။ ဥပမာ ဒီမိုကရေစီတို့၊ လူ့အခွင့်အရေးတို့ စတဲ့ " စံ "
တွေနဲ့ပေါ့။ ဒီနေရာမှာ အရေးအကြီးဆုံး အချက်ကတော့ သဘောထား ကွဲလွဲတယ် ဆိုတာ
လူ့သဘာဝပဲ ဆိုတာကို မမေ့ကြဖို့ပါ။ အားလုံးဟာ တစ်သဘောတည်းပဲ ရှိရမယ်လို့
အတင်းအကြပ်လုပ်ယူလို့ မရစကောင်းပါဘူး။
ဒီတော့ကာ
အယူအဆမတူကြတာက သဘာဝ၊ အတူနေကြရတာက ရှေးရေစက်၊ မကောင်းတဲ့ဘက်က
လှည့်တွေးရင်တော့ ဝဋ်ကြွေး၊ ဒါပေမယ့် ဒီဝဋ်ကြွေးမကုန်ခန်းသရွေ့
လည်းစင်းခံဆပ်မယ်ဆိုတာက သွေးထိုးစကား၊ ဒီလိုစကားတွေ မကြားယေက်ကြဖို့က
ဒီမိုကရေစီ လိုလားတဲ့ ပြည်သူတွေရဲ့တာဝန်၊ ပြေလည်အောင် ဖြေရှင်း ကြရမှာက
နိုင်ငံရေးပါတီတွေနဲ့ အစိုးရကို အလယ်ကနေ သမာသမတ်ကျကျ ရေးသားတင်ပြရမှာက
မီဒီယာ၊ အရင်အစိုးရချမှတ်ခဲ့တာက ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေး စတဲ့
အကြောင်းကြောင်းတွေ ကြားထဲမှာ လူ့ကြောင့်၊ ငါ့ကြောင့်လို့
လက်ညှိုးထိုးနေကြမယ့် အစား၊ အတိတ်က ဖြစ်ရပ်တွေကို မြန်မာပီပီ
မေ့ပျောက်သင်ပုန်းချေလို့ အမျိုးသားရင်ကြားစေ့ရေး ပန်းတိုင်ကို
လက်တွဲညီညီနဲ့ အောင်မြင်စွာ လျှောက်လှမ်းကြပါစို့လားခင်ဗျား။
(
စီးပွားရေး၊ နိုင်ငံတကာနှင့် စီမံခန့်ခွဲရေး အတွေးအမြင်စာစာများ စာအုပ်မှ
ဆန်းသစ်အောင်ရဲ့ ဆောင်းပါး ကို ကူးယူဖော်ပြခြင်း ဖြစ်ပါသည်။ )
No comments:
Post a Comment