Saturday, March 10, 2012

စင်ကာပူနိုင်ငံရှိ မြန်မာသံရုံးနှင့်ပတ်သက်၍ နိုင်ငံတော်သမ္မတကြီးဦးသိန်းစိန်သို့ အိတ်ဖွင့်ပေးစာ…


၁. ကျွန်တော်သည် စင်ကာပူနိုင်ငံသို့ ၂၀၀၈ ခုနှစ်ကရောက်ရှိပြီး S Pass ဖြင့် ယခုအချိန် (၁၀.၃.၂၀၁၂) ထိ အလုပ်လုပ်ကိုင်လျက်ရှိပါသည်။
၂. ၂၀၀၉ ခုနှစ်တွင် ကျွန်တော့် ပတ်(စ)ပို့ သက်တမ်းတိုးရန် လိုအပ်သည့် အတွက် ၂၀၀၉ ခုနှစ် ဇန်န၀ါရီလအထိ တစ်လကို စင်ကာပူဒေါ်လာ (၈၀) နှုန်းဖြင့် စင်ကာပူနိုင်ငံရှိ မြန်မာသံရုံးသို့ အခွန်ပေးဆောင်ခဲ့ပါသည်။
၃. ထိုသို့အခွန်ပေးဆောင်ရခြင်းမှာ (ကျွန်တော် နားလည်သလောက်) တကယ်တမ်း ဥပဒေအရ ပေးဆောင်စရာမလိုအပ်သော်လည်း ပတ်(စ)ပို့ သက်တမ်းတိုးရန်အတွက် ပေးဆောင်ခဲ့ရခြင်းသာဖြစ်ပါသည်။

(မှတ်ချက်။ ။ ပူးတွဲပါဖိုင် ၁ …. ၁၉၉၉ ဖေဖော်ဝါရီလ (၂၃) ရက်နေ့တွင် မြန်မာပြည် နှင့် စင်ကာပူနိုင်ငံတို့ နှစ်ထပ်အခွန်မပေးဆောင်ရေး သဘောတူစာချုပ်တွင် ကြည့်နိုင်ပါသည်။ ထိုစဉ်က မြန်မာပြည်ဘက်မှ လက်မှတ်ရေးထိုးသူမှာ ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီး (ဦး) ခင်မောင်သိန်း ဖြစ်ပါသည်။)
၎. ထိုကိစ္စများသည် အရင် စစ်အုပ်ချုပ်ရေး အစိုးရအုပ်ချုပ်နေစဉ်ဖြစ်သောကြောင့် လုပ်ဆောင်မှု မမှန်ကန်မှန်း သိသော်လည်း မိမိတို့ စင်ကာနိုင်ငံတွင် အလုပ်ဆက်လက်လုပ်နိုင်ရေးအတွက် ပတ်(စ)ပို့ သက်တမ်းတိုးရန် အခွန်ပေးခဲ့ကြရပါသည်။ (ထိုကဲ့သို့ နှစ်ထပ်အခွန် မပေးရေးအတွက် စင်ကာပူနိုင်ငံရှိ မြန်မာများ ဥပဒေကြောင်းအရ တောင်းဆိုခဲ့ကြသော်လည်း ထိုစဉ်က မြန်မာ စစ်အစိုးရသည် မသိကျိုးကျွန်ပြုခဲ့ကြပါသည်။ ထိုသတင်းများကို စင်ကာပူနိုင်ငံထုတ် Straits Times ၊ Today သတင်းစာများမှ သတင်းဟောင်းများကို ပြန်လည်ကြည့်ရှုနိုင်ပါသည်။)
၅. ထိုကဲ့သို့ နှစ်ထပ်အခွန် မပေးဆောင်ရေးကို မလေးရှားနိုင်ငံ၊ အခြားနိုင်ငံများနှင့်လည်း မြန်မာအစိုးရမှ စာချုပ်ချုပ်ဆိုခဲ့ပါသည်။ သို့သော် မြန်မာအစိုးရဘက်မှ နိုင်ငံခြားတွင် သွားရောက်အလုပ်လုပ်ကိုင်သူများထံမှ အခွန်တောင်းခဲ့ပါသည်။ အခွန်တောင်းပုံမှာလည်း အများသိပြီးသားဖြစ်တဲ့အတိုင်း အခွန်မပေးလျင် ပတ်(စ)ပို့ သက်တမ်းတိုးမပေးဘူးဆိုတဲ့နည်းဖြင့် ဖြစ်ပါသည်။
၆. ယခုလက်ရှိ မြန်မာအစိုးရသစ်လက်ထက်တွင် ပြည်ပရောက်သူများ အခွန်ပေးဆောင်ရမှုကို ၁၀%မှ ၂ %သို့ ပထမအဆင့်အနေဖြင့် လျော့ချပေးလိုက်ကြောင်း ၂၀၁၁ ခုနှစ် သြဂုတ်လက သတင်းကြေငြာခဲ့ပါသည်။
ထိုမှတဆင့် ပြည်ပရောက်နိုင်ငံသားများ ၂၀၁၂ ခုနှစ် ဇန်န၀ါရီလမှ စတင်၍ အခွန်ပေးဆောင်ရန် မလိုအပ်တော့ကြောင်း ကြေငြာခဲ့ပါသည်။
(တကယ်တမ်းပြောရရင်မည်ဆိုလျင် လက်ရှိမြန်မာအစိုးရမှ မိမိတို့ ထုတ်ပြန်ထားသော၊ ချမှတ်ထားသော ဥပဒေကို တိတိကျကျ လိုက်နာမည်ဆိုလျင်၊ အခြားနိုင်ငံများဖြင့်ချုပ်ဆိုထားသော စာချုပ်များကို လေးစားလိုက်နာမည်ဆိုလျင်၊ နိုင်ငံသားများကို မိမိနှလုံးဝမ်းကဲ့သို့ သဘောထားမည်ဆိုလျင် အစကတည်းက ကို ပြည်ပရောက် မြန်မာနိုင်ငံသားများအနေဖြင့် ပတ်(စ)ပို့ သက်တမ်းတိုးရန်အတွက် အခွန်ပေးဆောင်စရာ မလိုအပ်ပါ။)
၇. သို့သော် ယခုပတ်(စ)ပို့ သက်တမ်းတိုးရန်အတွက် ၂၀၁၂ ဇန်န၀ါရီ မတိုင်ခင် ၂၀၁၁ ဒီဇင်ဘာလ အထိ ပေးဆောင်နေရပါသည်။ (ဥပမာ… ကျွန်တော်သည် ၂၀၀၉ ခုနှစ် ဇန်န၀ါရီလအထိ ဆောင်ပြီးသားဖြစ်၍ ၂၀၀၉ ခုနှစ် ဖေဖော်ဝါရီလမှ ၂၀၁၁ ခုနှစ် သြဂုတ်လအထိ (၃၁ လစာ) တစ်လကို စင်ကာပူဒေါ်လာ ၈၀ ဖြင့် ၊ ၂၀၁၁ စက်တင်ဘာမှ ၂၀၁၁ ဒီဇင်ဘာအထိ (၄ လစာ) တစ်လကို စင်ကာပူဒေါ်လာ ၁၆ ဖြင့် ပေးဆောင်ရမည်ဖြစ်ပါသည်။)
ထိုသို့မပေးဆောင်လျင် ပတ်(စ)ပို့သက်တမ်းတိုးပေးမည် မဟုတ်ပါ။ မည်သည့်အကြောင့်ပြချက်မှ လက်ခံစဉ်းစားမဟုတ်ကြောင်း သံရုံးမှ လမ်းညွန်စာတွင် ဖတ်ရှုရပါသည်။
ကြိုတင်အခွန်ဆောင်ထားအနေဖြင့်လည်း ဥပဒေသည် နောက်ပြန်သက်ရောက်ခြင်း မရှိသောကြောင့် ပေးအပ်ထားသော ငွေများကို ပြန်လည်ပေးအပ်မည် မဟုတ်ပါဟုလည်း ဖတ်ရှုရပါသည်။
သို့သော်လည်း ၂၀၁၂ ဇန်န၀ါရီ နောက်ပိုင်း စာအုပ်သက်တမ်းလာတိုးသူများကို အခွန်ပေးဆောင်ခိုင်းသည်မှာ ဥပဒေကို နောက်ပြန်ရိုက်သည်လားဟု အတွေးပွားစေမိပါသည်။
၈. မည်သို့ပင်ဆိုစေ … ဘယ်လိုမှ ပြောလို့လည်းမရနိုင်တော့ မပေးသင့် မပေးဆောင်ထိုက် မပေးပိုင်ခွင့်ရှိသော်လည်း ပတ်(စ)ပို့ သက်တမ်းတိုးရေးအတွက် မြန်မာသံရုံးသို့ အခွန်ပေးဆောင်ရန် လုပ်ငန်းစဉ်များကို မေးမြန်းစုံစမ်းကြည့်ရန်အတွက် မြန်မာသံရုံးသို့ ဖုန်းဆက်သွယ်ခဲ့ပါသည်။
ဤနေရာတွင် ပြောရမည်ဆိုလျင် နိုင်ငံတစ်နိုင်ငံရဲ့ အဆင့်အတန်းသည် သံရုံးတွေကို ဖုန်းဆက်ကြည့်လျင် သိနိုင်ပါသည်။
ကျွန်တော် မြန်မာသံရုံးသို့ ပတ်(စ)ပို့ သက်တမ်းတိုးရန် လုပ်ငန်းစဉ်များ သိလိုစေသောကြောင့် ဖုန်းဆက်ခဲ့သည့် အရေအတွက်မှာ အကြိမ် ၃၀၀ ကျော်ရှိပါသည်။
ကျွန်တော် ၃ ၄ ၅ ခါလောက်ခေါ်မှ တစ်ခါလောက် ဖုန်းဖြေပါသည်။ ကျွန်တော် ပိုပြောသည် မဟုတ်ပါ။ မယုံလျင် သမ္မကြီးကိုယ်တိုင် မြန်မာပြည်မှ နေ၍ ခေါ်ကြည့်စေလိုပါသည်။
မြန်မာ မဟုတ်သော နိုင်ငံခြားသူ တစ်ဦးမှ ဖြေကြားပါသည်။ ကျွန်တော် သိလိုသည်များမေးမြန်းသောအခါ သူ့တွင် လုံလောက်သော သတင်းအချက်အလက်များ မရှိပါ။ မြန်မာသံရုံးသို့လာခဲ့ပါဟုသာ ပြောပါသည်။ ကျွန်တော်က တာဝန်ရှိသူ တစ်ဦးဦးနှင့် ပြောပါစေ ဆိုသောအခါ သူ ဖုန်းလွဲပေးပါသည်။ သူ ဖုန်းလွဲပေးတိုင်း မည်သည့် တာဝန်ရှိသူမှ ဖြေကြားခြင်း မရှိပါ။ ထိုအခါ သူပြန်ဖြေတတ်သည်မှာ ထမင်းစားထွက်နေသည်၊ နေ့လည် ၂ နာရီကျော်မှ ပြန်ခေါ်ပါ၊ ၃ နာရီလောက်ပြန်ခေါ်ပြန်လျင်လည်း တာဝန်ရှိသူများ မအားပါ၊ မနက် ၁၀ နာရီလောက် ခေါ်လျင်လည်း မရောက်သေးပါ သို့မဟုတ် ဖြေကြားခြင်း မရှိပါဆိုတာများသာ ကြုံတွေ့ရပါသည်။
ကျွန်တော်တို့ သိချင်တဲ့ သတင်းအချက်အလက်လေးသိရဖို့အတွက် ခွင့်ယူပြီ သံရုံးလာရမယ်ဆိုတာတော့ မဖြစ်စေချင်ပါ။
ထိုသို့ သတင်းအချက်အလက်များကို အော်တိုဖြေ စနစ်အနေဖြင့် ပြုလုပ်ထားလျင်ရပါသည်။
ကျွန်တော် (၈.၃.၂၀၁၂) က ဖုန်းဆက်မေးသောအခါ အဆိုပါ ဖုန်းဖြေသူ အမျိုးသမီးမှ စာအုပ်သက်တမ်းတိုး (စာအုပ်အသစ်လဲ) ၊ အခွန်ဆောင်ရန်အတွက် လုပ်ဆောင်ရန်အချက်များကို ပြောပြပါသည်။
မနက် ၉ နာရီမထိုးခင် တန်းစီပြီး Q နံပါတ်လာယူရန်၊ ပြီးလျင် စသည်ဖြင့် အခွန်တွက် နေ့ခင်းပြန်လာ ပြန်စောင့် အခွန်ပေး ၊ စာအုပ်ယူရန် နောက်ထပ် ရက်ချိန်း အဲဒီကျရင် စာအုပ်အသစ်ယူ။
၉. ကျွန်တော် ၉.၃.၂၀၁၂ မနက် အိပ်ရာထ နောက်ကျနေသောကြောင့် ၉ နာရီမတိုင်ခင်မှီအောင် တက္ကစီငှား၍ သံရုံးသို့သွားခဲ့ပါသည်။ ကျွန်တော်ရောက်သော အခါ လူတော်တော်များများ သံရုံးသို့ ရောက်ရှိနေကြပါသည်။ ကျွန်တော်လည်း တန်းစီနေကြသော အယောက် ၃၀ ကျော်လောက်ရှိ လူတန်းကြီးနောက်တွင်အပြေးအလွား ၀င်တန်းစီလိုက်ပါသည်။
သိပ်မကြာခင် ကျွန်တော်နောက်မှ ရောက်လာသူများလည်း ကျွန်တော့် နောက်တွင် တန်းစီကြပါသည်။
မြန်မာသံရုံးကလည်း ယခင်ကနဲ့ မတူဘဲ သပ်သပ်ရပ်ရပ် ပြုပြင်ပြောင်းလဲထားပါသည်။
ပတ်(စ)ပို့ သက်တမ်းတိုးရန်၊ အခွန်ဆောင်ရန်များ၊ ဗီဇာလျောက်ခြင်းများ..စသည့်လုပ်ငန်းစဉ် အသေးစိတ်ကို သေသေချာချာရေးသားထားရှိပါသည်။ ထိုအချက်များကိုလည်း တန်းစီနေသူများ တန်းစီနေရင်း ဖတ်ရှုနိုင်စေရန် အယ်စီဒီ ဖန်သားပြင်မှ နေ၍ တစ်ပိုဒ်ချင်း တဖြည်းဖြည်း ပြသလျက်ရှိပါသည်။ ကျွန်တော်လည်း တန်းစီနေရင်း ထိုစာသားများကို ဖတ်ရှုနေမိပါသည်။
လုပ်ငန်းစဉ်များ ဖြစ်တဲ့ မနက်တွင် လာ၍ Q နံပါတ်ယူရန်၊ ပြီးရင် ဘာလုပ်…စတဲ့ စာသားတွေအားလုံးကိုဖတ်ပြီးတော့ ..ကျွန်တော် တန်းစီနေတဲ့ လူတန်းကြီးက မိနစ် ၂၀ ကျော်လောက် ကြာသော်လည်း တစ်ယောက်မှ မရွေ့သည်ကို သတိထားမိတော့ပါသည်။
ကျွန်တော်စိတ်ထဲတွင် တစ်ခုခုတော့ မှားနေပြီဆိုတာ သဘောပေါက်လိုက်ပြီး ရှေ့မှ နောက်မှ လူများကို မေးကြည့်ပါသည်။. သူတို့လည်း မပြောတတ်ဖူးဟုဆိုသည်ကြောင့်..ကျွန်တော် ကောင်တာသို့ သွားရောက်ခဲ့ပါသည်။ ထိုအခါ မေးမြန်းကြည့်မှ ဒီလို Q မပေးတော့ဘူး..။ အွန်လိုင်းကနေပဲ appointment လုပ်ရမယ်ဟု သိရပါသည်။
ဤနေရာတွင် ပြောရမည်ဆိုလျင်
(က) သံရုံးမှ တာဝန်ရှိသူက ဒီလောက် တန်းစီနေတဲ့လူတန်းကြီးကို တိတိတင်တင် အသိပေး ပြောကြားပြီး ဆက်လက်မတန်းစီရန် တိကျသော သတင်းအချက်များကို ပေးသင့်ပါသည်။
(ခ) ရေးသားထားသော လုပ်ငန်းစဉ်များ၊ အယ်စီဒီမှ ပြသနေသည်များကို ပြောင်းလဲသွားလျင် update လုပ်ရမည်ဖြစ်ပါသည်။
(ဂ) ကျွန်တော် တာဝန်ရှိသူတစ်ဦးနဲ့ သွားတွေ့ပြီး ကျွန်တော့် အကြံပြုချက်ကိုပြောသောအခါ “ခင်ဗျား အကြံပြုမနေပါနဲ့..ကျွန်တော်တို့သိပြီးသာပါ..ကျွန်တော်တို့မှာလည်း လုပ်စရာ အများကြီးရှိတယ်ဗျ” ဟုသာပြောကြားပါသည်။ သံရုံးဝန်ထမ်းများလည်း တစ်နေကုန် မအားလပ်ဘဲ အလုပ်လုပ်ကိုင်နေကြသည်ကို နားလည်ပါသည်။ လူ မလောက်လျင် စာရင်းရှိပြီး လစာယူပြီး အလုပ် မလုပ်ကြသော လူများနေရာတွင် အခြားလူများဖြင့် အစားထိုးနိုင်ပါသည်။
(ဃ) ကျွန်တော်တို့ သံရုံးကို လာရောက်ကြသူများမှာ လုပ်ငန်းခွင်မှ နေ၍ ခွင့်ယူလာကြသူများဖြစ်ပါသည်။
(င) ကျွန်တော် မလာခင် ဖုန်းဆက်မေးကြည့်တာကို ဖုန်းဖြေကြားသူက သတင်းအချက်အလက် အမှန်ကို ဖြေကြားရမည်ဖြစ်ပါသည်။ ထိုသတင်းအချက်အလက်သစ်များကို သံရုံးမှ တာဝန်ရှိသူများမှ ဖုန်းဖြေကြားသူထံ ပြောင်းလဲမှုများကို အသိပေးပြောကြားထားရမည်ဖြစ်ပါသည်
(စ) ပြီးတော့ သံရုံးတွင် ဖုန်းတစ်လုံးသာရှိသည်ဟု သံရုံးဝန်ထမ်းမှ ပြောကြားပါသည်။ လိုင်းခွဲများ ထားရှိရမည် ဖြစ်ပါသည်။
(ဆ) မြန်မာပြည်သည် ယခုအချိန် နိုင်ငံခြားသားများ စိတ်ဝင်စားပြီး ခရီးသွားရောက်ရန် စိုင်းပြင်းနေကြချိန်တွင် သံရုံး၏ လုပ်ငန်းဆောင်တာများ၊ ပေးအပ်သော သတင်းအချက်အလက်မျာ၊ ဆက်သွယ်မှုကောင်းမွန်အောင် ဆောင်ရွက်ဖို့ အကောင်းဆုံးအချိန်ဖြစ်ပါသည်။
၁၀. မြန်မာ ပတ်(စ)ပို့ စာအုပ်အသစ်တွင်လည်း နိုင်ငံတကာ (အာစီယံ) အဆင့်မီ အနည်းဆုံး ၅ နှစ်ထားရှိသင့်ပါသည်။
၁၁. စင်ကာပူနိုင်ငံ၊ မလေးရှားနိုင်း၊ ထိုင်းနိုင်ငံ စသည့် နိုင်ငံများရှိ မြန်မာသံရုံးများသည်လည်း မြန်မာနိုင်ငံသားများထံမှ အခွန်တောင်းခြင်းတွင်မကဘဲ ထိုနိုင်ငံများတွင်ရောက်ရှိနေကြသော မိမိတို့နိုင်ငံသားများ၏ အထွေအထွေအရေးကိစ္စရပ်များကို ကူညီဖြေရှင်းပေးခြင်းများ ပြုလုပ်ပေးရမည်ဖြစ်ပါသည်။
ထိုအချက်သည် အဆင့်အတန်းရှိသော၊ မိမိနိုင်ငံသားများကို တန်ဖိုးထားသောနိုင်ငံကြီးများ ပြုကျင့်ကြသော အလေ့အထကောင်းများ ဖြစ်ပါသည်။
၁၂. ယခုကဲ့သို့ မိဝေး၊ ဖဝေး၊ မိသားစုနှင့် ဝေး၊ တိုင်းခြား ပြည်ခြားတွင် အလုပ်လုပ်ကိုင်နေကြရသော နိုင်ငံသားများ၏ ချွေးနဲစာကို မရ မက အတင်းယူနေသော နိုင်ငံအစိုးရမျိုးကို ကမ္ဘာပေါ်တွင် ကျွန်တော်သိရသလောက် မတွေ့ရှိဘူးပါ။
၁၃. စင်ကာပူနိုင်ငံရှိ မြန်မာသံရုံးမှ ရရှိသော ၀င်ငွေအကြမ်းဖျင်းကို တွက်ချက်ပြချင်ပါသည်။
EP နှင့် PR ကို တစ်လ စင်ကာပူဒေါ်လာ (၁၂၀)
S Pass ကို တစ်လ စင်ကာပူဒေါ်လာ (၈၀)
WP ကို တစ်လ စင်ကာပူဒေါ်လာ (၄၀)
Nursing ၊ Maid နှင့် မိဘနဲ့ အတူပါလာပြီး ကျောင်းတက်နေသော PR ကလေးများပင် အသက် (၁၈)နှစ်ကျော်လျင်တောင်းပါသည်။
ပျမ်းမျှ တစ်ဦးလျင် တစ်လကို စင်ကာပူ ဒေါ်လာ (၆၀) ပေးဆောင်ရသည်ဆိုပါစို့..။
၂၀၀၇ ခုနှစ် Straits Times သတင်းစာတွင် ဖော်ပြချက်အရ စင်ကာပူရောက် မြန်မာဦးရေ ၁ သိန်းရှိသည်ဟုဆိုပါသည်။ ယခုအချိန်ဆိုလျင် အကြမ်းဖျင်း ၂ သိန်းဝန်းကျင်ခန့် ရှိပါသည်။
စင်ကာပူရှိ မြန်မာ ၁ သိန်း အလုပ်လုပ်နေပြီး အခွန်ပေးဆောင်နေရသည်ဆိုလျင် စင်ကာပူနိုင်ငံရှိ မြန်မာသံရုံးသည် တစ်လအတွက် မြန်မာနိုင်ငံသားများထံမှ စင်ကာပူဒေါ်လာ ၆ သန်းရရှိနေပါသည်။ ထိုငွေများ ဘယ်သို့ရောက်သွားသနည်း..။ နိုင်ငံတော် ဘဏ္ဍာထဲသို့ အမှန်တကယ်ရော ရောက်သွားပါသလားဆိုသည်မှာ စဉ်းစားစရာကောင်းပါသည်။
(မှတ်ချက်။ ။ မှားယွင်းနေသော အချက်အလက်များရှိပါက မည်သူမဆို ဝေဖန်အကြံပြု ပြင်ဆင်ပေးစေလိုပါသည်။)

ဟိန်းထိုက်ဈာန်
(ခ)
ကျော်ကျော်အောင်
BE (Aeronautical)

No comments: