လူတွေမှာ
အရသာခံအဖုပေါင်းတစ်သောင်းကျော်ရှိနေကြပြီး အဲဒီအရသာခံအဖုတွေက လျှာ၊
အာခေါင်မိုး၊ ပါးစောင်၊ နှုတ်ခမ်း အပါအဝင်ခံတွင်းတစ်ခုလုံးအနှံ့
ရှိနေကြပါတယ်။
ဒီအရသာခံအဖုတွေက အစားအစာတွေ၊ သရေစာတွေကို နှစ်ခြိုက်စွာစားသောက်နေကြတဲ့ အကြောင်းရင်းတစ်ချက်ဖြစ်ပါတယ်။ကျွန်မတို့ စာသင်ကြားစဉ်က အရသာခံအာရုံမှာ ချို၊ ချဉ်၊ ငန်၊ ဖန်၊ ခါး၊ စပ် ဆိုပြီးခြောက်မျိုးရှိကြောင်း လေ့လာဖူးပါတယ်။ ဒါပေမဲ့ လူများစုဟာ တစ်ချိန်မဟုတ်တစ်ချိန်ဆိုသလို ပါးစပ်ထဲမှာ မကောင်းတဲ့အရသာပေါ်နေတတ်ကြပြီး အကြောင်းရင်းကိုတော့ တိတိကျကျမသိကြဘူး။
ခံတွင်းထဲတွင် မကောင်းသောအရသာဖြစ်ပေါ်ရသည့် အကြောင်းရင်း
ခံတွင်းထဲမှာ အရသာခံအာရုံပြောင်းလဲပြီး ပုံမှန်မဟုတ်တဲ့ မကောင်းတဲ့ အရသာပေါ်ရတာက အောက်ပါကြောင်းတွေကြောင့် ဖြစ်နိုင်ပါတယ်။
ဆေးဝါးကုသမှု
ခံတွင်းထဲမှာ ဆိုးတဲ့အရသာဖြစ်ပေါ်စေတာက တချို့ဆေးဝါးတွေကို သောက်သုံးတာကြောင့်ဖြစ်တတ်ပါတယ်။ အထူးသဖြင့် ဇင့် (Zinc)ပါတဲ့ ဆေးသောက်ရင် ဖြစ်တတ်ပါတယ်။ အာရုံကြောအတွက် ဆေးတွေသောက်နေရင် ခံတွင်းထဲမှာ သတ္တုအရသာ ဖြစ်ပေါ်နေတတ်ပါတယ်။ ဒါ့အပြင် ကင်ဆာဆေးသွင်းကုသမှုခံယူတာလို အခြေအနေတချို့ကြောင့်လည်း ခံတွင်းထဲမှာ မကောင်းတဲ့အရသာဖြစ်နေတတ်ပါတယ်။
ခံတွင်းအနံ့ဆိုးထွက်ခြင်း
အရသာခံအာရုံကို စေ့ဆော်မှု ၇၅ရာခိုင်နှုန်းနီးပါးဟာ အရသာခံအာရုံအပါအဝင် နာ့ဗ်ဆဲလ်တွေကနေ လာပါတယ်။ ဒါကြောင့် ခံတွင်းအနံ့ဆိုး ထွက်နေတယ်ဆိုရင်အရသာခံ အာရုံမှာလည်း အပြောင်းအလဲတွေ ဖြစ်လာပြီး ခံတွင်းပျက်တတ်ပါတယ်။
သွားနှင့် ခံတွင်းထိန်းသိမ်းမှု မကောင်းခြင်း
သွားနဲ့ ခံတွင်းသန့်ရှင်းရေးကို အလေးမထားတာကြောင့် ခံတွင်းထဲမှာ မကောင်းတဲ့အရသာဖြစ်ပေါ်တတ်ပါတယ်။ ကျွန်မတို့ စားလိုက်တဲ့ အစာတွေကို ခံတွင်းထဲမှာရှိတဲ့ ဘက်တီးရီးယားတွေက ချေဖျက်လိုက်ပါတယ်။ သွားနဲ့ သွားဖုံးကြားက စားကြွင်းစားကျန်တွေဟာ ခံတွင်းထဲမှာရှိတဲ့ ဘက်တီးရီးယားတွေကို ရုတ်တရကြီးထွားမှု ဖြစ်စေနိုင်တာကြောင့်ခံတွင်းအနံ့ဆိုးထွက်စေရုံသာမက ခံတွင်းထဲမှာ မကောင်းတဲ့ အရသာကိုလည်းဖြစ်ပေါ်စေပါတယ်။
ကိုယ်ဝန်ရှိခြင်း
ကိုယ်ဝန်ရှိချိန်အတောအတွင်းမှာ ခံတွင်းထဲ မကောင်းတဲ့အရသာဖြစ်ပေါ်တတ်ပြီး ခံတွင်းပျက်တတ်ပါတယ်။ ဒီအချိန်မှာ ဖျားတဲ့အခါ ခါးသက်တဲ့ အရသာဖြစ်ပေါ်တတ်ပါတယ်။ အထူးသဖြင့် အစာစားပြီးချိန်မှာ ဖြစ်တတ်ပါတယ်။
ရောဂါများ
အအေးမိတာ၊ တုပ်ကွေးဖြစ်တာ၊ ဖျားတာ၊ နှာခေါင်းဝေဒနာစတာတွေလို ကျန်းမာရေးပြဿနာတွေကြောင့် ခံတွင်းထဲမှာ မကောင်းတဲ့ အရသာဖြစ်ပေါ်တတ်ပါတယ်။ ဒီအခြေအနေက မှို၊ ဖုန်စတဲ့ ဓာတ်မတည့်မှုတွေကြောင့် ဖြစ်တတ်ပြီး အရသာခံအာရုံကို ထိခိုက်စေနိုင်ပါတယ်။ အစာအိမ်အတွင်းက အစာတွေ အထက်ကို ပြန်လှန်တက်တဲ့ အခြေနေ (Acid Reflux)ကြောင့်လည်း ခံတွင်းထဲမှာ မကောင်းတဲ့အရသာဖြစ်ပေါ်တတ်ပါတယ်။
ခံတွင်းထဲတွင် မကောင်းသော အရသာ မဖြစ်စေရန် ကာကွယ်မှု
- သွားနဲ့ ခံတွင်းသန့်စင်အောင် သေချာထိန်းသိမ်းပေးသင့်ပါတယ်။ သွားတွေကို နံနက်စာစားပြီး တစ်ကြိမ်၊ ညအိပ်ရာမဝင်ခင်တစ်ကြိမ် ပုံမှန်တိုက်ပေးပါ။ အစာစားပြီးတိုင်း ပလုတ်ကျင်းပေးပါ။
- ခံတွင်းထဲမှာ ရေဓာတ်ပြည့်ဝပြီး အာမခြောက်အောင်ရေကို များများသောက်ပေးပါ။အာခြောက်နေရင် ခံတွင်းထဲမှာ မကောင်းတဲ့ အရသာဖြစ်ပေါ်တတ်ပါတယ်။
- ခံတွင်းကို ဆားရည်နဲ့ တစ်နေ့နှစ်ကြိမ်ပလုတ်ကျင်းပေးတာက ခံတွင်းသန့်ရှင်းရေးကို ကောင်းမွန်စေပါတယ်။
- သင်စားတဲ့ အစားအစာထဲတွင် သစ်သီးဝလံတွေနဲ့ ဟင်းသီးဟင်းရွက်အများအပြားပါဝင်ပါစေ။ ချဉ်တဲ့ သစ်သီးတွေကို စားတာက တံတွေးထွက်နှုန်းတိုးစေပြီး ခံတွင်းမကောင်းတဲ့ အရသာကို လျော့ကျစေပါတယ်။
- သင်သောက်နေတဲ့ ဆေးဝါးတွေကြောင့် ခံတွင်းအရသာ ပြောင်းလဲတယ်လို့ ထင်ရင် ဆရာဝန်နဲ့ တွေ့ဆုံပြီး ဘေးထွက်ဆိုးကျိုးမရှိတဲ့ ဆေးပြောင်းပေးနိုင်မလားဆိုတာကို တိုင်ပင်ပါ။
Ref : Good Health

No comments:
Post a Comment