ကရင်အမျိုးသမီးတဦး နိုင်ငံတကာထူးချွန်ဆု ရ
ရန်ကုန် အခြေစိုက် ကရင်အမျိုးသမီး ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့
(Karen Women Action Group)က အမှုဆောင်ညွှန်ကြားရေးမှူး
နော်စူစန်နာလှလှစိုးကို Inter Action ခေါ် အမေရိကန် အခြေစိုက်
နိုင်ငံတကာ အန်ဂျီအို မဟာမိတ်အဖွဲ့က လူသားချင်းစာနာမှုနဲ့ဆိုင်တဲ့
ထူးချွန်ဆု ချီးမြှင့်ဖို့ ရွေးချယ်လိုက်ပါတယ်။
ကမ္ဘာတဝန်းမှာရှိတဲ့ အစိုးရမဟုတ်တဲ့ လူမှုရေး အဖွဲ့အစည်းတွေမှာ
ထူးထူးချွန်ချွန်နဲ့ ခေါင်းဆောင်နိုင်တဲ့သူတွေကို အဖွဲ့က နှစ်စဉ်
ဆုပေးအပ်ရာမှာ ၂၀၁၂ အတွက် ရွေးချယ်ခံရသူတွေထဲမှာ
နော်စူစန်နာလှလှစိုးလည်း တဦးအပါအဝင် ဖြစ်တယ်လို့ Inter Action
အဖွဲ့ရဲ့ အင်တာနက် စာမျက်နှာပေါ်မှာ ရေးသားထားပါတယ်။
နော်လှလှစိုးဟာ မြန်မာနိုင်ငံမှာ အမျိုးသမီးနဲ့ ကလေးတွေ ကျန်းမာပျော်ရွှင်စွာ နေထိုင်နိုင်ရေးအတွက် တက်ကြွစွာ ဆောက်ရွက်နေသူဖြစ်ပြီး မိသားစုတွေအတွက် အသေး စားချေးငွေ အစီအစဉ်တွေ၊ ကလေးတွေအတွက် ပညာရေး အကူအညီ အထောက်အပံတွေ၊ နဲ့ သဘာဝဘေးခံရသူတွေအတွက် အရေးပေါ် ကယ်ဆယ်ရေး လုပ်ငန်းတွေ ဆောင်ရွက်ခဲ့တယ်လို့ ဆိုပါတယ်။
နော်လှလှစိုးဟာ ဒီဆုကို မေ ၁ ရက်နေ့မှာ လက်ခံရ ယူမယ်လို့လည်း သိရပါတယ်။
အမေရိကန် အခြေစိုက် အစိုးရမဟုတ်တဲ့ နိုင်ငံတကာ လူမှုရေးအဖွဲ့အစည်းနဲ့ ပူးပေါင်းဖွဲ့စည်းထားတဲ့ Inter Action အဖွဲ့မှာ အန်ဂျီအို အဖွဲ့အစည်းပေါင်း ၁၉၀ ကျော်ပါဝင်ပြီး ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာ ဆင်းရဲမှု တိုက်ဖျက်ရေး၊ လူ့အခွင့်အရေး တိုးတက်အောင် ဆောင်ရွက်ရေး စတာတွေကို လုပ်ကိုင် ဆောင်ရွက်ပေးနေပါတယ်။
ဒီဗွီဘီ
နော်စူစန်နာလှလှစိုး |

No comments:
Post a Comment