Monday, March 12, 2012

အရောင်းသွက်တဲ့အချိန်လေးမှာ ဈေးပွဲတော် မလုပ်ဖို့ မန်းဈေးချိုက ဆိုင်ရှင်တွေ မေတ္တာရပ်ခံ


By ဇာဏီ၊ မတ်လ ၁၀ ရက်နေ့၊ ၂၀၁၂ ခုနှစ်။
မန္တလေးမြို့ ဈေးချိုတော် နှစ် (၁၀၀) ပြည့် အထိမ်းအမှတ်ကနေ စတင်ပြီး ဈေးပွဲတော်တွေ ကျင်းပလာတာ အခုဆို ၈ ကြိမ်မြောက်ရှိပြီ ဖြစ်ပါတယ်။ အခု လာမယ့် ဧပြီလ ၄ ရက်နေ့မှ ၈ ရက်နေ့အထိ သင်္ကြန်အကြိုကာလမှာ ဈေးရောင်းပွဲတော် တခု ကျင်းပဖို့ စီစဉ်နေပါတယ်။


ဒီဈေးရောင်းပွဲတော်ကို ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီမှ ဗဟိုကော်မတီ အတွင်းရေးမှူးလည်း ဖြစ် အခု ပြည်ထောင်စုဝန်ကြီး အဖြစ် တာဝန်ယူထားတဲ့ ဦးအောင်သောင်းရဲ့ တပည့်သားရင်းတွေ ထူထောင်ထားတဲ့ ငွေကြယ် သမဝါယမ အသင်းမှ ပြုလုပ်ဖို့ စီစဉ်နေတာ ဖြစ်ပါတယ်။
ပထမ အကြိမ် မန္တလေး ဈေးချိုတော် အကျိုးတော်ဆောင်တွေ စီစဉ်တဲ့ အချိန်တုန်းကတော့ ဈေးချိုတော်က ဆိုင်ခန်းပေါင်း ၂၀၀၀ ကျော်နဲ့ မန်းပလာဇာက ဆိုင်ခန်းပေါင်း ၁၀၀၀ ကျော် ဝိုင်းဝန်း လက်မှတ်ထိုး ကန့်ကွက်လိုက်တဲ့ အတွက် ဈေးရောင်းပွဲတော် ပြုလုပ်ဖို့ အစီအစဉ် ခေတ္တ ရပ်တန့်သွားပါတယ်။ ဒါပေမဲ့ အခုအကြိမ် ငွေကြယ်သမဝါယမ အသင်းက စီစဉ်တဲ့ အခါမှာတော့ ဈေးဆိုင်ရှင်တွေကို အသိမပေးဘဲ လာမယ့် ဧပြီလ ၄ ရက်နေ့မှ ၈ ရက်နေ့အထိ ဈေးပွဲတော် ကျင်းပပြုလုပ်သွားမယ် ဆိုပြီး အစိုးရပိုင် သတင်းစာတွေမှာ ထည့်သွင်းကြေငြာလိုက်ပါတယ်။
အဲ့ဒီလို ကြေညာလိုက်တဲ့အပေါ် ဈေးချိုတော် ဈေးဆိုင်ရှင်တွေဘက်က အဆိုပါ ဈေးရောင်းပွဲတော်ကို မပြုလုပ်ဖို့ သက်ဆိုင်ရာ တာဝန်ရှိသူတွေထံ ထပ်မံ မေတ္တာရပ်ခံ တောင်းဆိုလိုက်ကြတာ ဖြစ်ပါတယ်။
‘အခုလို ဈေးပွဲတော် တခုလုပ်တယ်ဆိုရင် ကျနော်တို့ အပြင်မှာ ကောလဟလ ပြောသံကြားတာကတော့ မြို့တော်ဝန်က သိန်းတရာလောက် ရတယ်။ ဌာနမှူးတွေက သိန်းငါးဆယ်လောက် ရတယ်။ အဲလိုမျိုးပြောတယ်။ ဆယ်သိန်းတန် လက်ဆောင်ခြင်းတွေ ဆယ်ခြင်းလောက် ပေးလိုက်လို့ ခွင့်ပြုမိန့် ရတယ်လို့လဲ ကြားတယ်။ တာဝန်ရှိသူတွေအနေနဲ့ အဲလိုလက်ဆောင်ခြင်းတွေကိုပဲ မကြည့်ပါနဲ့၊ ပြည်သူပြည်သားတွေရဲ့ မျက်နှာကိုလဲ ကြည့်ပါလို့ပဲ ပြောချင်ပါတယ်။” လို့ ဈေးချိုတော် ဈေးဆိုင်ရှင်တဦးက ဘားမားဗီဂျေ မီဒီယာကို ပြောပါတယ်။
ဈေးချိုတော်မှ ဈေးသူဈေးသားတွေက နှစ်ပေါက်အောင် အခွန်ပေးဆောင်ခဲ့ရပြီး အခုလို သင်္ကြန်နားနီးမှ ဈေးပွဲတော် ပြုလုပ်ပြီး ပွဲတော်အပြီးမှာ ရရှိလာသည့် အကျိုးအမြတ်တွေကို ရန်ပုံငွေအဖြစ် ငွေကြယ် သမဝါယမအသင်းမှ သိမ်းဆည်းယူမှာဖြစ်တဲ့အတွက် ဈေးသူဈေးသားတွေအတွက် အကျိုးမဖြစ်စေတဲ့အပြင် အဆိုပါဈေးပွဲတော် ပြုလုပ်ရင် ဈေးချိုတော် ဆိုင်ခန်းတွေ အနေနဲ့ ဈေးရောင်းပါးတော့မှာ ဖြစ်တဲ့အတွက် မပြုလုပ်ဖို့ ဝိုင်းဝန်းကန့်ကွက်ကြတာ ဖြစ်ပါတယ်။
“အခုလို ဈေးရောင်းကောင်းမယ့်အချိန်ကျမှ ဈေးရှေ့က ပိတ်ပြီးတော့ လာရောက်ရောင်းချတာမျိုး ဖြစ်နေတယ်။ စည်ပင်က မင်းတို့ကို အရေးစိုက်စရာ မလိုဘူးဆိုတဲ့ ပုံစံမျိုးနဲ့ လမ်းဆိုတာ ငါ ပိုင်တာ မင်းတို့ပိုင်တာ မဟုတ်ဘူး။ ငါ ခွင့်ပြုပေးရင် ရတယ်ဆိုပြီး လုပ်တာမျိုးပါ။ ဈေးဆိုင်ပိုင်ရှင်အကုန်လုံးက ဈေးပွဲတော်ကို မပြုလုပ်ဖို့ လက်မှတ်ရေးထိုးပြီး သမ္မတကြီး ဦးသိန်းစိန်၊ မန္တလေးတိုင်း ဒေသကြီး ဝန်ကြီးချုပ်၊ မန္တလေး မြို့တော်ဝန်၊ ဈေးချိုတော် အုပ်ချုပ်ရေးဌာနက ဌာနခွဲမှူး နဲ့ ပွဲကျင်းပစီစဉ်တဲ့သူတွေ ထံသို့ ကန့်ကွက်စာတင်ထားတဲ့ကြားကနေ ပြည်သူလူထုအောက်ခြေက မလုပ်ချင်ရင်နေ၊ ငါတို့က လုပ်ချင်ရင် လုပ်မယ်။ ငါတို့ အာဏာရှိတုန်းကို ငါတို့ လုပ်ချင်တာလုပ်မယ် ဆိုတဲ့သဘောမျိုး ဖြစ်နေတယ်” လို့ ဈေးချိုတော်မှ ဆိုင်ခန်းပိုင်ရှင်တဦးက ဘားမားဗီဂျေ မီဒီယာကို ပြောပါတယ်။
အဲ့ဒီလိုပဲ မန်းပလာဇာဘက်က ဈေးဆိုင်ရှင်တဦးကလဲ “ကျနော်တို့က မန်း ပလာဇာဘက်ကပါ။ ဈေးပွဲတော်ကြီးကို မလုပ်ပါနဲ့လို့ တားတာ မဟုတ်ပါဘူး။ ဈေးပွဲတော်လုပ်မယ်ဆိုရင်လဲ ဈေးရောင်းကောင်းတဲ့အချိန်၊ လူသိပ်စည်တဲ့ လတွေမှာ မလုပ်ပါနဲ့၊ မစည်ကားတဲ့လတွေမှာ Promotion (အရောင်းမြှင့်တင်ရေး) သဘောမျိုး လုပ်စေချင်တယ်။ လို့ သူ့ရဲ့ သဘောထားအမြင်ကို ပြောပါတယ်။
အခုအချိန်မှာတော့ ဈေးရောင်းပွဲတော် ဖြစ်မြောက်ရေး စီစဉ်သူတွေဘက်က ဈေးရောင်းပွဲတော် ကျင်းပဖို့ ဆိုင်ခန်းတွေ၊ နေရာထိုင်ခင်းတွေနဲ့ စတိတ်ခ်ျရှိုးတွေ ပြုလုပ်ဖို့ စီစဉ်နေပြီ ဖြစ်ပါတယ်။
“သူတို့က ပြည်ထောင်စု ဝန်ကြီး ဦးအောင်သောင်းရဲ့ ခွင့်ပြုချက်နဲ့ လုပ်တာပါ ဆိုတဲ့ ပုံစံမျိုးနဲ့ ဒီဈေးချိုတော် ဈေးပွဲတော်ကို သူတို့ကိုယ်ပိုင် ထုတ်ကုန်ပစ္စည်း ဘာမှမရှိပဲနဲ့ တခြားကလာပြီး ဈေးပွဲတော်ကို လာလုပ်တယ်။ အခု သူတို့က အကုန်လုံးကို ပြင်ဆင်ပြီးသွားပြီ။ ဆိုင်ခန်းရောင်းဖို့၊ နေရာထိုင်ခင်းတွေနဲ့ စတိတ်ရှိုးတွေ လုပ်ဖို့ ပွဲလဲ ငှားပြီးသွားပြီ။ အခုဟာက လူ တဦးတယောက်လဲ မဟုတ်ဘူး၊ လူ တရာနှစ်ရာလဲ မဟုတ်ဘူး၊ လူ ထောင်နဲ့ချီပြီးတော့ ကန့်ကွက်ထားတာကို လျစ်လျူရှုပြီးတော့ အခုလိုလုပ်လိုက်တာ ဖြစ်ပါတယ်”လို့ ဈေးချိုတော်မှ ဆိုင်ခန်းပိုင်ရှင်တဦးက သူ့ရဲ့ မကျေနပ်ချက်ကို အခုလို ရင်ဖွင့်လိုက်ပါတယ်။
” သမ္မတကြီးကတော့ အောက်ခြေက အသံတွေကို ကြည့်ပါ။ အများရဲ့ဆန္ဒကို ကြည့်ပါလို့ပြောတယ်။ တကယ်တမ်းကျတော့ အောက်ခြေအဆင့် ဖြစ်တဲ့ ဈေးအုပ်ချုပ်ရေး ဌာနက ဗိုလ်မှူး သန်းနိုင်ဦးလို ဌာနခွဲမှူး အဆင့်ကတောင်မှ အောက်ခြေကို မကြည့်ပါဘူး။ မြို့တော်ဝန်ဆိုတာကလဲ ဖြစ်နိုင်ရင် လုံးဝကို သူတို့က လျစ်လျူပြီး အရေးကို မစိုက်တဲ့ အနေအထားမျိုးပါ။ ဈေးသူဈေးသားတွေက ကိုယ့်အိတ်ထဲက လာနှိုက်နေတာကို မနှိုက်ပါနဲ့ဗျာဆိုပြီး ရှိခိုးတောင်းပန်နေရသလိုဖြစ်နေပြီ။ ငွေရချင်တာ တခုထဲနဲ့ ဒါမျိုး လုပ်တာတော့ မကောင်းပါဘူး’ လို့ ထပ်မံပြောဆိုခဲ့ပါတယ်။

မန္တလေး ဈေးချိုတော်မှာ ကျင်းပမယ့် ၈ ကြိမ်မြောက် သင်္ကြန်အကြို ဈေးပွဲတော်ကို မပြုလုပ်ဖို့အတွက် ဈေးချိုတော်နဲ့ မန်းပလာဇာက ဈေးဆိုင်ရှင်တွေ အားလုံး စုပေါင်းပြီး နိုင်ငံတော်သမ္မတကြီးထံ မေတ္တာ ရပ်ခံစာ ထပ်မံတင်ပြမှာဖြစ်ပြီး လိုအပ်ရင် ဆန္ဒထုတ်ဖော်ပြသခွင့် တောင်းခံသွားမယ်လို့ ဈေးဆိုင်ရှင်တွေက သူတို့ရဲ့ သဘောထားဆန္ဒကို ထုတ်ဖော်လိုက်ပါတယ်။

No comments: