Tuesday, February 21, 2012

Popular Myanmar News Journal ‎"ကလေးများအား တစ်ကိုယ်တည်း မထားသင့်"

ကလေးငယ် များအား တစ်ကိုယ်တည်း မထားသင့်ကြောင်း ဖေဖော်ဝါရီလ ၂ ရက်နေ့က ဖြားယောင်း ခေါ်ဆောင်ခြင်းကို ခံခဲ့ရသူ မောင်ဟိန်းထက်အောင်၏ မိဘများ က ဆိုသည်။

မောင်ဟိန်းထက်အောင် သည် မရမ်းကုန်း မြို့နယ်၊ ၅-ရပ် ကွက်၊ အမှတ် (၈) အခြေခံပညာ အလယ်တန်းကျောင်းမှ ပထမတန်း ကျောင်းသား တစ်ဦး ဖြစ်ကြောင်း၊ ၄င်းသည် နေ့စဉ် နေအိမ်မှ ကျောင်းသို့ တစ်ဦးတည်း သွားနေကျ ဖြစ်ပြီး ဖေဖော်ဝါရီ ၂ ရက် နေ့က အိမ်မှ ကျောင်းသို့ သွားစဉ် လူတစ်ဦးက မုန့်ကျွေးမည် ဟု ဆို ကာ ဖြားယောင်း ခေါ်ဆောင်သွားခြင်းကို ခံခဲ့ရသည်။ ”သား အိမ်ကနေ ကျောင်းကို သွားတော့ လမ်းမှာ လူကြီး တစ်ယောက်နဲ့ တွေ့တယ်။ အဲဒီ လူကြီး က သူ့အိမ် လိုက်ခဲ့ပါလား။ မုန့်ကျွေး မယ်လို့ ပြောတယ်။ သားက မလိုက်ဘူး ပြောတော့ သားကို ရိုက်တယ်” ဟု မောင်ဟိန်းထက်အောင်က ပြောသည်။မောင်ဟိန်းထက် အောင် သည် ဖေဖော်ဝါရီ ၂ ရက်နေ့တွင် ၄င်းအား ဖြားယောင်း ခေါ်ဆောင် သွားသူနှင့် တစ်နေ ကုန် လိုက်ပါနေရကြောင်း၊ ညဘက်တွင် ကျောက်တော် ကြီး ဘုရား ပွဲဈေးသို့ သွားရာမှ ရဲများ နှင့် တွေ့သဖြင့် ဖြားယောင်း ခေါ်ဆောင် သူက မောင်ဟိန်းထက်အောင် ကို ကျောက်တော်ကြီး ဘုရားတွင် ထား၍ ရှောင်ထွက် သွားခဲ့ကြောင်း၊ ထို့နောက် ကျောက်တော်ကြီး ဘုရားတွင် တစ်ယောက်တည်း ယောင်လည်လည် ဖြစ်နေသော မောင်ဟိန်းထက်အောင် အား တာဝန်သိ ပြည်သူ တစ်ဦး က အင်းစိန် မြို့နယ် ရဲစခန်းသို့ ပို့ဆောင်ခဲ့ သဖြင့် အင်းစိန် ရဲစခန်းမှ ဖေဖော်ဝါရီ လ ၃ ရက်နေ့ နံနက်ပိုင်းတွင် နေအိမ်သို့ ပြန်လည် ပို့ဆောင် ပေးခဲ့သော ကြောင့် ဘေး မသီ ရန်မခဘဲ နေအိမ် သို့ ပြန်လည် ရောက်ရှိခဲ့ခြင်း ဖြစ်သည်။
”ကျွန်တော်တို့ ရဲစခန်းကို ရပ်ကွက် လူကြီးက လာအပ်တာပါ။ ရောက်ရောက်ချင်း ကလေးက ကြောက်နေလို့ ဘာမှမေးလို့ မရခဲ့ဘူး။ မနက်ရောက်မှ သူ့မိဘတွေ နာမည်နဲ့ လေဆိပ်နားမှာ သူ့အိမ် ရှိတယ် ဆိုလို့ လိုက်ပို့ခဲ့တာပါ” ဟု မောင်ဟိန်းထက်အောင် အား နေအိမ်သို့ လိုက်လံ ပို့ဆောင်ခဲ့သည့် ရဲတပ်သား တစ်ဦး က ပြောသည်။
ထို့နောက် မောင်ဟိန်းထက်အောင် ၏ ဖခင်ဖြစ်သူကလည်း ”ကျွန်တော်တို့က ကလေးကို ဂရုမစိုက်တာတော့ မဟုတ်ပါဘူး။ ကျွန်တော်က အလုပ် မအားတာရယ်၊ မိန်းမကလည်း ကလေးငယ်လေးနဲ့ မအားတာရယ်၊ ကျောင်းနဲ့ အိမ်နဲ့ သိပ်မဝေးတာရယ်၊ ဒီလို အဖြစ်အပျက် မျိုးတွေကို မယုံကြည်တာ ရယ်တွေကြောင့် သူ့ကို တစ် ယောက်တည်း ကျောင်းကို လွှတ်မိ တာပါ။ ကျွန်တော် နောင်တရလို့ မဆုံးပါဘူး။ ဘယ်သူတွေ ဘယ်လို ပဲ ပြောပြော ကလေးတွေကို ဖြား ယောင်း ခေါ်ဆောင်မှုတွေ ရှိနေတာ ကျွန်တော့် ကိုယ်တွေ့ပါပဲ။ ဒါ ကြောင့် မိဘတွေ အနေနဲ့ ကလေး တွေကို ဘယ်နေရာကိုမှ တစ်ဦး တစ်ယောက်တည်း မလွှတ်သင့်။ မသွားခိုင်း သင့်ပါဘူး” ဟု ပြော သည်။
ထိုနေ့က မောင်ဟိန်းထက် အောင်၏ မိဘများသည် သားငယ် အိမ်ပြန်ချိန် ပြန်ရောက်မလာသည့် အခါမှ ကျူရှင်သို့ သွားမေးခဲ့ရာတွင် ကျူရှင် လာမတက်သည်ကို သိရ သဖြင့် ၄င်း၏ သူငယ်ချင်းအိမ်များ တွင် စုံစမ်းကြည့်ရာမှ မနက်က တည်းက ကျောင်းလာ မတက်ဘဲ ပျောက်ဆုံးနေသည်ကို သိခဲ့ရခြင်း ဖြစ်သည်။

No comments: