Tuesday, February 7, 2012

လယ်မြေအသိမ်းခံရမည့် အရေး လယ်သမားများ သမ္မတထံစုပေါင်းစာတင်

ရှမ်းပြည်နယ်၊ တောင်ကြီးမြို့နယ်အတွင်းရှိ ကျေးရွာတချို့တွင် ရာနှင့်ချီသည့် လယ်ယာမြေများကို အစိုးရတပ်မှ ကြိုတင်အသိမပေးဘဲ အလံနီများနှင့် တပ်မြေကျောက်တိုင်များ လာရောက် စိုက်ထူထားသဖြင့် ဒေသခံများ က ဥပဒေနှင့်အညီ အကာအကွယ်ပေးရန် သမ္မတ ဦးသိန်းစိန် ထံမေတ္တာရပ်ခံ စာတင်ထားကြောင်း သိရသည်။

တောင်ကြီးမြို့နယ် နမ့်ဆီ၊ပင်ငိုကျေးရွာများ မှ လယ်ဧက ၆၁၀ အား တပ်မြေအဖြစ် ကျောက်တိုင် စိုက် ထူထားခြင်းခံရသည့် လယ်သမား ၁၀၇ ဦးနှင့် ထီဝေါ်၊ကန်လောင်း နှင့် ထီတယမ် ကျေးရွာ များမှ လယ်မြေဧက ၁၇၀ အား အလံနီ စိုက်ထူခြင်းခံနေရသည့် လယ်သမား ၄၄ဦး (စုစုပေါင်း၁၅၁ဦး)တို့ စုပေါင်း၍တောင်ကြီးမြို့နယ်ကြံ့ခိုင်ရေးပါတီမှတဆင့်သမ္မတထံဇန်န၀ါရီလ၃၀ရက်နေ့တွင်စာတင်ခဲ့ခြင်းဖြစ်ကြောင်း အဆိုပါ ကိစ္စကို ကူညီဆောင်ရွက်ပေးနေသည့်တောင်ကြီးမြို့ခံ ခွန်ခမ်းကောင် က ပြောသည်။
“... စာတင်ဖို့လယ်သမားတွေကို လက်မှတ်တွေယူတဲ့ အခါ အခက်အခဲရှိတယ်။အဲဒီတုန်းက ၆၀၀ ကျော်လောက်ပဲရတယ်။ ဒါပေမဲ့ အခုကျတော့ ၆၀၀ ကျော်တောင်မကဘူး။ ၁၀၀၀ နီးပါးရှိနေတယ် ”ဟု ၄င်းက ပြောသည်။
ယခုလယ်မြေများကို ပြီးခဲ့သည့်ဒီဇင်ဘာလ ၂၄ ရက်နှင့် ဇန်န၀ါရီလ ၆ ရက်နေ့တွင် လာရောက် စိုက်ထူခဲ့ကြခြင်းဖြစ်ပြီး မည်သည့်ရည်ရွယ်ချက်ဖြင့် စိုက်ထူခြင်းနှင့် လာရောက်စိုက်ထူသည့်တပ်ကို မသိရှိကြဟုဆိုသည်။
တပ်မြေအဖြစ်စိုက်ထူထားခံရသည့် မြေယာများတွင် ဂျုံ၊ ကြက်သွန်ဖြူနှင့် ပဲစင်းငုံတို့ အဓိကစိုက်ပျိုးကြ သည်။ ဒေသခံများမှာ အဆိုပါလုပ်ငန်းဖြင့်အဓိက အသက်မွေး ၀မ်းကြောင်း ပြုကြရသဖြင့် အစိုးရက လယ်မြေများ သိမ်းလိုက်လျှင် ၄င်းတို့၏ ဘ၀ရပ်တည်အတွက် စိုးရိမ်ရကြောင်း ခွန်ခမ်း ကောင်က ပြောသည်။
ယခင်ထိုဒေသများတွင် ပင်းပက်သံမဏိ စက်ရုံ အမှတ်(၅) မှ ၀န်ထမ်းအိမ်ယာများ တည်ဆောက် ရန် ဒေသခံများ၏ ဆိုင်ခန်းငယ်ပေါင်း ၂၀ခန်း နှင့် လူနေအိမ် ၄လုံး ရွေ့ပြောင်းပေးခဲ့ရသည့် အပြင် လယ်ယာမြေ မတရား သိမ်းဆည်းခံခဲ့ရသည့် အဖြစ်များကြုံဖူးကြောင်းသိရသည်။

No comments: