Thursday, February 9, 2012

"အမျိုးသားစစ်မှုထမ်းဥပဒေ ပြဋ္ဌာန်းရန် အစီအစဉ် မရှိသေး"

လက်ရှိအခြေအနေအရ အမျိုးသားစစ်မှုထမ်းဥပဒေကို ပြုလုပ်မည့်အစီအစဉ် မရှိသေး ကြောင်း ကာကွယ်ရေးဝန်ကြီးဌာနမှ ဗိုလ်ချုပ်လှမင်းက ပြည်ထောင်စုလွှတ်တော်တွင် ပြောကြားခဲ့သည်။
''ဒီမိုကရေစီ နိုင်ငံတော် တည်ဆောက်ရတဲ့အခါ တပ်မတော် ကိုလည်း တည်ဆောက်လျက် ရှိပါတယ်။ တည်ဆဲအစိုးရ အပေါ်မှာလည်းသစ္စာစောင့်သိပြီး ကာကွယ် စောင့်ရှောက်သွားမှာ ဖြစ်ပါတယ်''ဟု ၄င်းက ဆိုသည်။

မြန်မာနိုင်ငံ၏ လူဦးရေ ၅၄ ဒသမ ၃ သန်းတွင် တပ်မတော် သားဦးရေမှာ တစ်သန်း မပြည့်မီ သေးသော်လည်း အဆိုပါအမျိုး သား စစ်မှုထမ်းမည့် ဥပဒေနှင့် ပတ်သက်၍မူ ၄င်းက အထက်ပါ အတိုင်း ပြောဆိုခဲ့ခြင်းဖြစ်သည်။ ၄င်းအပြင် အသက် ၁၈ နှစ် မပြည့်သေးသောကလေးငယ်များ အားနည်းလမ်းမမှန် စုဆောင်းသော တပ်ဖွဲ့များရှိပါက တပ်မတော်၏ တည်ဆဲဥပဒေနှင့်အညီ အရေးယူ ဆောင်ရွက်နေကြောင်းလည်း ၄င်း က ဆိုသည်။ ''စုဆောင်းရေးတပ်တွေ၊ လေ့ကျင့်ရေး ကျောင်းတွေ၊ ခြေလျင်ခြေ မြန်လက်ရုံးဝန်ဆောင်တပ်တွေ၊ အဲဒီ သုံးနေရာမှာ စိစစ်ပြီး ကျွန်တော်တို့ အနေနဲ့ ပြန်လည်စေလွှတ်ပေးလျက် ရှိပါတယ်။ အဲဒီလို နည်းလမ်းမမှန် တဲ့ စုဆောင်းသူတွေကို တွေ့ရှိမယ် ဆိုရင် တည်ဆဲဥပဒေအရ အရေး ယူနေပါတယ်'' ဟု ၄င်းက ထပ် လောင်းတင်ပြခဲ့သည်။
အိမ်နီးချင်းနိုင်ငံများအနေဖြင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံတွင် ကာကွယ်ရေးဆိုင်ရာ ကြည်း၊ ရေ၊ လေစစ်သည်အင်အား ၂ ဒသမ ၇ သန်း၊ ၄င်းနိုင်ငံ၏ စစ်အသုံး စရိတ်မှာ ၂ဝ၁၁ ခုနှစ် ကန် ဒေါ်လာ ၉၁ ဒသမ ၇ ဘီလျံရှိပြီး လာအိုနိုင်ငံတွင် ကြည်း၊ ရေ၊ လေအင်အား ၃၇၅ဝဝဦး၊ ၂ဝ၁၁ စစ်အသုံးစရိတ် ကန်ဒေါ်လာ ၇၁ သန်း၊ အိန္ဒိယ နိုင်ငံတွင် ကြည်း၊ ရေ၊ လေစစ် သည်အင်အား ၁ ဒသမ ၂ သန်းရှိ ပြီး ၂ဝ၁၁ ခုနှစ်တွင် စစ်အသုံးစရိတ် မှာ ကန်ဒေါ်လာ ၃၆ ဒသမ ဝ၃ ဘီလျံ၊ ထိုင်းနိုင်ငံတွင် စစ်သည် အင်အား ၃ ဒသမ ၄၅ သိန်း ရှိပြီးစစ်အသုံးစရိတ် ကန်ဒေါ်လာ ၅ ဒသမ၄ဘီလျံနှင့်ဘင်္ဂလားဒေ့ရှ် နိုင်ငံတွင်ကာကွယ် ရေးအင်အား ၁ ဒသမ ၆သိန်းရှိပြီး ၂ဝ၁၁ခုနှစ် စစ်အသုံးစရိတ်မှာ ကန်ဒေါ်လာ ၁ဒသမ၆ဘီလျံရှိကြောင်းဝန်ကြီး ကထည့်သွင်းပြောကြားသွားသည်။

အောင်ထက်(NYK)၊စွမ်းရဲထွဋ်

No comments: