Monday, February 27, 2012

တစ်လခွဲကာလအတွင်း ပြည်တွင်းဒီဇယ်ဈေး အမြင့်ဆုံးတစ်ဂါလန် ကျပ် ၃၅၀ ခုန်တက်


ပြည်တွင်းဒီဇယ်ဈေးများမှာ ဖေဖော်ဝါရီလ ၂၆ ရက်နေ့မှစ၍ ဆိုင်တချို့တွင် အမြင့်ဆုံးတစ်ဂါလန် ကျပ် ၃၈၅၀ အထိ မြင့်တက်ခဲ့ကြောင်း၊ လွန်ခဲ့သည့် ဇန်န၀ါရီလ ၂၁ ရက်နေ့က တစ်ဂါ လန် ကျပ် ၃၅၀၀ သာရှိသည့် အနေအထားမှ မြင့်တက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။


ကမ္ဘာ့ရေနံစိမ်းဈေး မြင့်တက်သည့်အတွက် ပြည်တွင်းဒီဇယ်ဈေး မြင့်တက်သည်ဟုဆိုသော်လည်း ကမ္ဘာ့ရေနံစိမ်းဈေး မြင့်တက်သည့်နှုန်းထက် ပြည်တွင်းဒီဇယ်ဈေးမှာ တစ်ဂါလန် ကျပ် ၂၀၀ ၀န်းကျင်အထိ ပိုမိုမြင့်တက်နေခြင်းဖြစ်သည်။ ဇန်န၀ါရီလ ၇ ရက်နေ့က ကမ္ဘာ့ ရေနံစိမ်းတစ်စည်လျှင် ၁၀၁ ဒသမ ၉၃ အမေရိကန်ဒေါ်လာပေါက်ဈေး ရှိပြီး ဖေဖော်ဝါရီလ ၂၅ ရက်နေ့က ကမ္ဘာ့ရေနံစိမ်းဈေးမှာ တစ်စည်လျှင် ၁၀၉ ဒသမ ၆၂ အထိ မြင့်တက်သည့်အတွက် တစ်စည်လျှင် ၇ ဒသမ ၆၉ အမေရိကန်ဒေါ်လာ (၆၂၅၂ကျပ်) မြင့်တက်ခဲ့ခြင်း ဖြစ်သည်။ ကမ္ဘာ့ရေနံစိမ်းဈေးမှာ တစ်ဂါလန်နှုန်းဖြင့် တွက်ချက်ပါက(တစ်စည်လျှင် ၄၂ ဂါလန်) ၁၄၉ကျပ်သာ မြင့်တက်ခြင်းဖြစ်သည်။
သို့သော် ပြည်တွင်းဒီဇယ်ဈေးမှာမူ ကမ္ဘာ့ရေနံစိမ်းဈေး တစ်စည်လျှင် ၁၀၁ ဒသမ ၉၃ အမေရိကန်ဒေါ်လာပေါက်ဈေးရှိစဉ်က တစ်ဂါလန် ကျပ် ၃၅၀၀ ဖြင့် ရောင်းချနိုင်သော်လည်း ကမ္ဘာ့ရေနံစိမ်းတစ်စည် ၁၀၉ ဒသမ ၆၂ အမေရိကန်ဒေါ်လာပေါက်ဈေးရှိချိန်တွင် တစ်ဂါလန် ကျပ် ၃၈၅၀ အထိ ခုန်တက်ခဲ့သည့်အတွက် တစ်ဂါလန်ကျပ် ၃၅၀ အထိ မြင့်တက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ကမ္ဘာ့ရေနံစိမ်းဈေး တက်သည့် တစ်ဂါလန် ၁၄၉ ကျပ်နှုန်းထက် ပြည်တွင်းဒီဇယ်ဈေးမှာ တစ်ဂါလန် ကျပ် ၂၀၀ ကျော် ပိုမိုမြင့်တက်နေခြင်း ဖြစ်သည်။
''ရေနံစိမ်းနဲ့မဆိုင်ဘူးလို့ ပြောလို့မရဘူးလေ။ နိုင်ငံတကာမှာလည်း ဒီဇယ်ဈေးက ရေနံစိမ်းနှုန်းနဲ့ သွားနေတာ။ ဟိုမှာတက်တာက တစ်ဂါလန် ၁၄၉ ကျပ်၊ ဒီမှာတက်တာက တစ်ဂါ လန် ကျပ် ၃၀၀ကနေ ၃၅၀ အထိ တက်တယ်။ တစ်ဂါလန် ကျပ် ၂၀၀ လောက်ပိုနေတာလေ။ တစ်ဂါလန် ကျပ်၂၀၀ပဲပိုတင်ပြီး ၃၇၀၀၊ ၃၇၅၀ လောက်ရောင်းတဲ့ဆိုင်တွေကတော့ ဈေးသင့်တယ်လို့ပြောရမှာပါ။ ဒါပေ မယ့်အများစုကတော့ ၃၈၀၀ကနေ ၃၈၅၀ ကျပ်အထိ တင်ရောင်းတာက တော့ မကောင်းဘူးပေါ့''ဟု ယာဉ်ပိုင် ရှင်တစ်ဦးက ပြောကြားခဲ့ပါသည်။
ယင်းအပြင် ယခုအခါ အောက်တိန်းသုံးစွဲမှုနှုန်း မြင့်တက်လာသည့်နည်းတူ အောက်တိန်းဈေးကိုလည်း ဆိုင်အချို့မှလွဲ၍ နိုင်ငံတကာဈေးဖြင့် မတွက်ပဲ အလျင်းသင့်သလို ဈေးတင်ရောင်းချခြင်းမျိုးရှိနေသည်ဟုလည်း သုံးစွဲသူများက ဆိုသည်။ ဓာတ်ဆီဈေးမှာလည်း ယခုလအစောပိုင်းကပင် တစ်ဂါလန်ကျပ် ၃၀၀ မြင့်တက်ထားပြီးဖြစ်သည်။

မြန်မာ့စက်သုံးဆီဈေးနှင့် နိုင်ငံတကာရေနံစိမ်း ဈေးနှုန်းများနှိုင်းယှဉ်ချက်
ရက်စွဲ ရေနံစိမ်းဈေး မြန်မာ့ဒီဇယ်ဈေး
၇-၁-၂၀၁၂ ၁၀၁ .၉၃ ၃၅၀၀
၁၄-၁-၂၀၁၂ ၉၉ .၀၃ ၃၅၀၀
၂၁-၁-၂၀၁၂ ၉၈ .၃၉ ၃၅၀၀
၂၈-၁-၂၀၁၂ ၉၉ .၇၆ ၃၅၅၀
၎-၂-၂၀၁၂ ၉၇ .၇၇ ၃၅၅၀
၁၁-၂-၂၀၁၂ ၉၈ .၆၇ ၃၆၀၀
၁၈-၂-၂၀၁၂ ၁၀၄ .၀၆ ၃၆၅၀
၂၆-၂-၂၀၁၂ ၁၀၉ .၆၂ ၃၈၅၀

No comments: