Sunday, January 22, 2012

ပုသိမ်တွင် ပြည်တွင်းပြည်ပကုမ္ပဏီခုနစ်ခု ပူးပေါင်း၍ အထူးစီးပွားရေးဇုန် ဖော်ထုတ်မည်

နိုင်ငံရပ်ခြားကုမ္ပဏီလေးခုနှင့် ပြည်တွင်းကုမ္ပဏီကြီးသုံးခုတို့ ပူးပေါင်း၍ ဧရာဝတီတိုင်းဒေသ ကြီးတွင် Myanmar Super Axis အမည်ရှိ အထူးစီးပွားရေးဇုန်စီမံကိန်းကို အမေရိကန်ဒေါ်လာ သန်း ၅၅၀၀ ခန့် ရင်းနှီးမြှုပ်နှံအကောင်အထည် ဖော်သွားရန် စီစဉ်နေကြောင်း တိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးသိန်းအောင်က ပြောသည်။


စက်မှုဇုန်များ၊ ရေနက်ဆိပ်ကမ်းနှင့် မြစ်ကူးတံတား၊ ကားလမ်း ရထားလမ်းများ ပါဝင်သော စီမံ ကိန်းတွင် ရန်ကုန်မှ မအူပင်-ရွှေတောင်မှော်-၀ါးခယ်မ-မြောင်းမြ-ပုသိမ်နှင့် ရေနက်ဆိပ်ကမ်းသို့ ဆက်သွယ် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ရေနက်ဆိပ်ကမ်းနှင့် စက်မှုဇုန်သည် မြေဧက ၇၅၀၀ ကျယ်ဝန်းမည်ဖြစ်ပြီး ထိုင်းနိုင်ငံမှ ကုမ္ပဏီ နှစ်ခု၊ ဟောင်ကောင်မှ ကုမ္ပဏီတစ်ခုနှင့် အင်ဒိုနီးရှားမှ ကုမ္ပဏီတစ်ခုတို့ ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်သည်။

ထို့အပြင် စီမံကိန်းတွင် ပြည်တွင်းကုမ္ပဏီများဖြစ်သော ရွှေသံလွင်ကုမ္ပဏီ၊ ထူးထရေးဒင်းကုမ္ပ ဏီနှင့် အပြည်ပြည်ဆိုင်ရာ စီးပွားရေးလုပ်ငန်းရှင်များ အစုအဖွဲ့ကုမ္ပဏီ (IGD) တို့ပါဝင်လုပ်ကိုင်သွားမည်ဖြစ် ကြောင်းသိရသည်။

" ဒီပရောဂျက်က ဧရာဝတီတိုင်းဒေသကြီးအတွက် အလွန်ကြီးမားတဲ့ စီမံကိန်းဖြစ်ပါတယ်။ ဒီလိုပရောဂျက်မျိုး တစ်နိုင်ငံလုံးမှာ မရှိသေးပါဘူး။ ဒီမှာ ရေနက်ဆိပ်ကမ်းတစ်ခု ပါပါတယ်။ ရေနက်ဆိပ်ကမ်းနဲ့ ဆက်စပ်ပြီးတော့ အထူးစီးပွားရေးဇုန် တစ်ခုပါပါတယ်။ ပြီးရင် အီကိုတိုးရစ်ဇင်ပါပါတယ်။ ပြီး ရင် စက်မှုဇုန်သုံး ဇုန်ပါပါတယ်။ မအူပင်ဒေသမှာ စက်မှုဇုန်တစ်ခု၊ ၀ါးခယ်မမှ မြောက်ဘက်ဒေသမှာ စက်မှုဇုန်တစ်ခုနဲ့ ပုသိမ်မှာ စက်မှုဇုန်တစ်ခု အကြမ်းဖျင်းလျာထားပါတယ်။ ရန်ကုန်ကနေ ပုသိမ်ကိုဖြတ်ပြီး မြေပြန့်ဒေသထိ မီးရထားလမ်း၊ ကားလမ်းတွေပါပါတယ်။ သဘာဝဓာတ်ငွေ့ပိုက်လိုင်း စီမံချက်တွေ၊ မြစ်ကြောင်းဖွံ့ဖြိုးရေး လုပ်ငန်းတွေလည်း ပါဝင်ပါတယ်။ အင်မတန် ကြီးမားတဲ့ ရင်းနှီးမြှုပ်နှံမှုဖြစ်ပါတယ်။ ဆွေးနွေးပွဲမှတ်တမ်းတွေ တရားဝင်လက်မှတ် ရေးထိုးပြီးပါပြီ။ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်ကိုလည်း တင်ပြထားပါပြီ။ နိုင်ငံတော်သမ္မတကိုလည်း ဒီ ပရောဂျက်ကိုပြသပြီးပါပြီ။ နိုင်ငံတော်သမ္မတကိုယ်တိုင်လည်း သဘောတူညီထားပြီးပါပြီ။ အမြန်ဆုံးအကောင် အထည်ဖော်ဆောင်ရွက်နိုင်အောင် စီစဉ်ဆောင်ရွက်ထားပြီးဖြစ်ပါတယ်" ဟု တိုင်းဒေသကြီး ၀န်ကြီးချုပ်က ပြောသည်။

အဆိုပါစီမံကိန်း၏ ပထမအဆင့်လုပ်ငန်းများကို ၂၀၁၃ ခုနှစ်အတွင်း စတင်ဆောင်ရွက်သွား ရန်စီစဉ်ထားပြီး စီမံကိန်းအားလုံးအနေဖြင့် ၂၀၂၅ ခုနှစ်တွင် ပြီးစီးအောင်မြင်ရန် ခန့်မှန်းထားကြောင်း သိရသည်။

No comments: