ဗိုလ်မှူးကြီးအောင်စန်း၏ လက်ထပ်မင်္ဂလာ
ဗမာပြည် ဗမာ့ကာကွယ်ရေးတပ်မတော် စစ်သေနာပတိဗိုလ်မှူးကြီးအောင်စန်းနှင့် ဒေါက်တာဦးဘသန်း ကြီးမှူးအုပ်ချုပ် သော ဘီအိုင်အေ စစ်တပ်ဆေးရုံကြီးမှ သူနာပြုဆရာမကြီး မခင်ကြည်တို့သည် ဘီအိုင်အေ ဆေးရုံခန်းမကြီးတွင် အခမ်းအနားသိုက်မြိုက်စွာ မင်္ဂလာလက်ထပ်ပွဲကြီး ကျင်းပရာ စစ်ဘက်ဆိုင်ရာအရာရှိကြီးများနှင့်ဝန်ကြီးများအပြင် အထူးဧည့်သည်များ အများအပြား တက်ရောက်ချီးမြှင့်ကြကြောင်း။ထိုမင်္ဂလာပွဲနှင့် ပတ်သက်၍ ဗိုလ်မှူးကြီး အောင်စန်း၏အကြောင်းများကို အများသိပြီးဖြစ်သည့်အတိုင်း ရေးသားဖော်ပြရန်မလိုပေ။ သို့ရာတွင် ဗိုလ်မှူးကြီး၏ ချစ်ဇနီး သတို့သမီးကြီးအတ္ထုပ္ပတ္တိကိုကား အများသိချင်သည့်အတိုင်း ကျွန်ုပ်တို့ စုံစမ်း၍အောက်ပါအတိုင်း ရေးသားဖော်ပြလိုက်ရကြောင်း။
သတို့သမီး မခင်ကြည်သည် မြောင်းမြမြို့နေ အငြိမ်းစား အိုဗာစီယာ ဦးဘိုးညှင်း + ဒေါ်ဖွားစုတို့၏ သမီးဖြစ်၍ အသက်၂၅ နှစ်မျှရှိပြီဖြစ်ကြောင်း၊ သတို့သမီး မခင်ကြည်သည် မြောင်းမြမြို့ အစိုးရ အထက်တန်းကျောင်းမှ အထက်တန်း အောင်မြင်ပြီးနောက်၊ရန်ကုန်မြို့ဆေးရုံကြီးတွင် သူနာပြုစုခြင်းအတတ်ကို သင်ကြားရာ အောင်မြင်သဖြင့် ဆေးရုံကြီး၌ပင် အမှုထမ်းနေကြောင်း။ ထိုဆေးရုံ၌ပင် ဒေါက်တာဦးဘသန်း၏ လက်အောက်တွင် တပည့်မရှစ်ဦးရုံ၌ပင် ဒေါက်တာဦးဘသန်း၏ လက်အောက်တွင် တပည့်မရှစ်ဦး အမှုထမ်းနေသဖြင့် ဦးဘသန်းက ပိုမိုတတ်ကျွမ်းနားလည်အောင် သင်ကြားပြသခဲ့ကြောင်း။ မခင်ကြည်သည် အထူးသတ္တိကောင်းသူ အမျိုးသမီးလေးဖြစ်ကြောင်း၊ ရန်ကုန်မြို့တော်ကြီးကို နိပွန်လေတပ်က လာရောက်ဗုံးကြဲသဖြင့် ဒဏ်ရာရသူပေါင်း များစွာတို့ကို ဒေါက်တာ ဦးဘသန်းနှင့် ကူညီ၍ပြုစုကုသခဲ့ကြောင်း။ ထိုအခါက ဗုံးမည်မျှပင်ကြဲသည် ဖြစ်စေ မခင်ကြည်သည် အလုပ်ဝတ္တရားကို စွန့်လွှတ်ပြီး လွတ်ရာသို့ ပြေးခြင်းမရှိ။ ၁၉၄၂ ခုနှစ် ဖေဖော်ဝါရီလ ၂ဝ ရက်နေ့ကစ၍ မြို့သူ မြို့သားများ ထွက်ခွာရန် အင်္ဂလိပ်အစိုးရက အကျပ်အတည်း အမိန့်ပေးတော့မှ မခင်ကြည်သည် မိဘများရပ်ထံသို့ ပြန်သွားတော့ကြောင်း။
ဖူးစာရေးနတ်ကြောင့်ပင်လော
နိပွန်တပ်မတော်ကြီးသည် မတ်လ ၈ ရက်နေ့တွင် ရန်ကုန်မြို့သို့ ဝင်လာသောအခါ ဘီအိုင်အေတပ်လည်း ပါလာသဖြင့် ဘီအိုင်အေစစ်တပ်က ဒေါက်တာ ဦးဘသန်းအား ဘီအိုင်အေဆေးရုံကြီး ဖွင့်လှစ်ရန် အမိန့်ပေးသဖြင့် ဒေါက်တာ ဦးဘသန်းက ဒိုင်အိုစီဇင် မိန်းကလေးကျောင်းကို ဘီအိုင်အေစစ်တပ်ဆေးရုံဟု အမည်ပေးပြီး အုပ်ချုပ်ရကြောင်း။ ထိုဆေးရုံကြီး ဖွင့်လှစ်ပြီးများ မကြာမီ မခင်ကြည်ရောက်လာ၍ ဒေါက်တာ ဦးဘသန်းနှင့် အတူ သူနာများကို ပြုစုခြင်း၊ ဆေးဝါးပေးခြင်း စသည်တို့ကို ဆောင်ရွက်ပြန်ကြောင်း၊ တိုတိုရေးသားရလျှင် ကျွန်ုပ်တို့၏ သေနာပတိ ဗိုလ်မှူးကြီး အောင်စန်းသည် မကျန်းမာသဖြင့် ထိုဆေးရုံကြီးသို့ ရောက်လာပြီး ဆေးဝါးမှီဝဲရာမှ ဆရာမကြီး မခင်ကြည် နှင့်တွေ့ဆုံ၍ တစ်ဦးကိုတစ်ဦး မေတ္တာသက်ဝင်တော့ကြောင်း ။ ဤကား မခင်ကြည်နှင့် ဗိုလ်မှူးကြီးအောင်စန်းတို့ ဖူးစာရေးဆက်နွှယ်ခြင်းပေတည်း။
မခင်ကြည်သည် သူနာပြုစုရာတွင် လူနာများအား ချိုသာစွာပြုစုခြင်း၊ နှစ်သိမ့်ခြင်းအမှု တို့ကို ပြုသဖြင့် ဆေးရုံကြီးတွင် ချစ်ခင်သူ အထူးပင် ပေါများခဲ့၏။ အခြားဆရာမများကလည်း နာမည်ရင်းကို မခေါ်ကြဘဲ၊ ဘေဘီဟု ခေါ်ကြလေသည်။ မခင်ကြည်သည် သေနာပတိ ဗိုလ်မှူးကြီးကတော် ဖြစ်လင့်ကစား စိတ်ကြီးဝင်ခြင်း မရှိဘဲ၊ ပေါင်းသင်းရင်းနှီးခဲ့သူများကို ရှေး ကကဲ့သို့ပင် ချစ်ခင်လျက်ပင်ရှိသည့်ပြင် သူနာပြုအတတ်ကိုလည်း စိတ်ဝင်စားလျက်ရှိသည်ဟု သိရကြောင်း စသည်ဖြင့် သူရိယသတင်းစာတွင် ရေးသားဖော်ပြချက်ကို မူရင်းအတိုင်း တင်ပြလိုက်ရပါသည်။
မေမြို့ချစ်ဆွေ
(မှတ်ချက် ။ ။ ဗိုလ်ချုပ်အောင်ဆန်း နှင့် ဒေါ်ခင်ကြည် တို့၏ မင်္ဂလာအခမ်းအနား ကျင်းပခဲ့ပုံနှင့်ပတ်သက်၍ အကျယ်ကို များမကြာမီ မျိုးဆက်သစ်စာပေမှ ထုတ်ဝေမည့် မေမြို့ချစ်ဆွေ၏ ပြည်သူချစ်သော ဗိုလ်ချုပ်အောင်ဆန်းစာအုပ်တွင် စိတ်ဝင်စားဖွယ်ရာ လေ့လာဖတ်ရှုနိုင်ပါမည်။)
No comments:
Post a Comment